Thursday, July 28, 2016

ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေကို တတိယအကြိမ်ပြင်ဆင်သည့်ဥပဒေကြမ်း ပြင်ဆင်ချက်အဆို တင်သွင်းနိုင်



နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့နယ်အတွင်းရှိ လေယုံ၊ ငကျန်၊ ဂျီလာ၊ ရန်ပိုမိုနွေး၊ မော်နွမ်း၊ ထဝိုင်၊ နမီးယူပီ၊ ဆပ်ပြာ၊ ချယ်ရာ၊ ခိုလာ၊ ဝမ်းဘဲနှင့် မိုဒွန့်ရွာမကျေးလက် ကျန်းမာရေးဌာနခွဲ အဆောက်အအုံများဆောက်လုပ်ရန် (၂ဝ၁၆-၂ဝ၁၇) ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေတွင် ပါဝင်ခြင်း မရှိသေးပါကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက ပြောကြားသည်။

နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အဆောက်အအုံ၌ ယနေ့နံနက် ၁ဝ နာရီတွင်ကျင်းပသည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး၏ တတိယနေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး လေရှီးမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဌေး၏ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်း ဖြေကြားခြင်းဖြစ်သည်။
ပြည်ထောင်စုဝန်ကြီးက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာနသည် (၂ဝ၁၆-၂ဝ၁၇)ခုနှစ် အရအသုံး ခန့်မှန်းခြေငွေစာရင်း ငွေလုံးငွေရင်း အသုံးစရိတ်ဖြင့် တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီး ဌာနများတွင် ကျေးလက်ကျန်းမာရေးဌာနနှင့် ဌာနခွဲအဆောက်အအုံများ ဆောက်လုပ်ပေးနိုင်ရန် တိုင်းဒေသ ကြီး/ပြည်နယ်များသို့ ဦးစားပေး အစီအစဉ်အလိုက် ဆောက်လုပ်လို သည့်စာရင်းများတောင်းခံ၍ ဆောင်ရွက်ခဲ့သော်လည်း စစ်ကိုင်းတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှ ဆောင်ရွက်လိုကြောင်း တင်ပြလာသည့်စာရင်းတွင် လေရှီးမြို့နယ် အတွင်းမှ အထက်ဖော်ပြပါကျေးလက် ကျန်းမာရေးဌာနခွဲအမည်များ ပါဝင် ခြင်းမရှိသေးပါကြောင်း၊ သို့သော်လည်း ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာရေးနှစ် တွင် အထူးဦးစားပေးအစီအစဉ်ဖြင့် ထည့်သွင်းပေးသွားမည် ဖြစ်ကြောင်း ဖြေကြားသည်။
ရွှေဘိုမြို့နယ် မဲဆန္ဒနယ်မှ ဒေါက်တာအေဇင်လတ် တင်သွင်းသည့် ပြည်သူ့ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများကို ပြည်သူလူထုအား ထိရောက်စွာပေးနိုင်ရန် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနကို တိုးချဲ့ ပြင်ဆင်ဖွဲ့စည်းသင့်ကြောင်း ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုနှင့်စပ်လျဉ်း၍ လားရှိုး မဲဆန္ဒနယ်မှ ဒေါက်တာစိုင်းမောက်ခမ်းက ကျန်းမာရေးဝန်ကြီးဌာန၏ ယခင်ဖွဲ့စည်းပုံအရ ကျန်းမာရေး ဦးစီးဌာနသည် လုပ်ငန်းပမာဏ ကြီးမားပြီး ဝန်ထမ်းအများဆုံး၊ လုပ်ငန်းအရှုပ်ထွေးဆုံးနှင့် မနိုင်ဝန်ထမ်းခဲ့ရသည့် ဦးစီးဌာနတစ်ခုဖြစ်ခဲ့ရပါကြောင်း၊ ကုသရေးကဲ့သို့ပင် ပြည်သူ့ကျန်းမာရေး ဖြစ်သည့် ကာကွယ်ရေးအပိုင်းသည် ကူးစက်ရောဂါများဖြစ်သည့် ငှက်ဖျား၊ တီဘီ၊ အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ်၊ အနာကြီး၊ ဆင်ခြေထောက်၊ မျက်ခမ်း စပ်၊ ကာလဝမ်း၊ သွေးလွန်တုပ်ကွေး၊ ကြက်ငှက်တုပ်ကွေး၊ ဆားစ်၊ မားစ်၊ ဇီကာ၊ အီဘိုလာ စသည်တို့ကို အခါမလပ် စောင့်ကြပ်ကုသနေရသည့်အပြင် တစ်နိုင်ငံလုံး ကာကွယ်ဆေး ထိုးနှံခြင်း စသည့်ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များတွင် လုပ်ဆောင်နေရပါကြောင်း၊ ယင်းလုပ်ငန်းများအတွက် အဆောက်အအုံ၊ ဆေးဝါး၊ စက် ကိရိယာ၊ မော်တော်ယာဉ်၊ မော်တော် ဆိုင်ကယ်၊ ကျွမ်းကျင်ဝန်ထမ်းနှင့် လုံလောက်သည့်ရန်ပုံငွေများ လိုအပ်သည့်အပြင် ပြည်သူတစ်ရပ်လုံး ပါဝင်လာအောင် ပညာပေးစည်းရုံးနိုင်ပါမှ အောင်မြင်မည့်လုပ်ငန်းများ ဖြစ်ပါကြောင်း၊ ပြည်သူများကို ထိရောက် လုံလောက်သည့် ကျန်းမာရေး ဝန်ဆောင်မှုများပေးနိုင်ရန်ဆိုပါက လိုအပ်ချက်များစွာ အတွင်းမှ (၁) ကျွမ်းကျင်လူသားအရင်းအမြစ် ပြည့်စုံမှု၊ (၂) ပြည်သူလူထုကျန်းမာ ရေးအသိဖြင့် ပူးပေါင်းပါဝင်လာမှု၊ (၃) နိုင်ငံတော်၏စီးပွားရေးတောင့် တင်းခိုင်မာမှု/မခိုင်မာမှု၊ (၄) ပြည် တွင်းငြိမ်းချမ်းရေးရရှိမှု /မရရှိမှု၊ (၅) ကျေးလက်ဒေသအထိ လွှမ်းခြုံနိုင်မည့် ကျန်းမာရေးစောင့်ရှောက်မှု၊ (၆) ပုဂ္ဂလိကကဏ္ဍ တိုးမြှင့်ပါဝင်လာမှု၊ (၇) လူတိုင်း ကျန်းမာရေးလွှမ်းခြုံမှု စနစ်ရရှိမှု/မရရှိမှု စသည်တို့နှင့် များစွာသက်ဆိုင်ပါကြောင်း ထောက်ခံဆွေးနွေးသည်။
သနပ်ပင်မဲဆန္ဒနယ်မှ ဦးမြင့်ဦးက သနပ်ပင်မြို့နယ်တွင် ရပ်ကွက် ခြောက်ခု၊ ကျေးရွာအုပ်စု ၆ဝ၊ ကျေးရွာပေါင်း ၁ဝ၃ ရွာ လူဦးရေ တစ်သိန်းခြောက်သောင်းကျော် ရှိပါ ကြောင်း၊ (၂၅)ခုတင်ဆံ့ ဆေးရုံတစ်ရုံ နှင့် တိုက်နယ်ဆေးရုံ လေးရုံရှိပါ ကြောင်း၊ တစ်မြို့နယ်လုံးတွင် ဆရာဝန် မှာ တစ်ဦးတည်းသာရှိပါကြောင်း၊ ကျေးလက်ကျန်းမာရေးဌာန ခုနစ်ခုနှင့် ကျေးလက်ကျန်းမာရေးဌာနခွဲ ၂၈ ခုရှိပြီး လက်ထောက်ကျန်းမာရေးမှူး ငါးဦး၊ ကျန်းမာရေးဆရာမ ရှစ်ဦး၊ သားဖွား ၃၈ ဦးနှင့် အရန်ခြောက်ဦး ရှိပါကြောင်း၊ ၂ဝ၁၁- ၂ဝ၁၂ မှ ၂ဝ၁၅-၂ဝ၁၆ ခုနှစ်အတွင်း အရန်သားဖွား ခြောက်ဦးတိုးလာသည်ကလွဲ၍ ပြောင်းလဲမှုမရှိပါကြောင်း၊ သားဖွား ဆရာမတစ်ဦးသည် ကျေးရွာသုံးရွာရှိ လူဦးရေ ၃၇ဝဝ ခန့်ကို တာဝန်ယူရပါ ကြောင်း၊ ကျွမ်းကျင်သူနှင့် မီးဖွား သည့်နှုန်းမှာ ငါးဆယ်ရာခိုင်နှုန်းခန့် သာရှိပါကြောင်း။
ရွာအားလုံးသို့ သွားရောက်ရန် အတွက် လမ်းပန်းဆက်သွယ်ရေး ခက်ခဲပါကြောင်း၊ အလုပ်လည်း မနိုင်ဝန်ဖြစ်ရပါကြောင်း၊ အိမ်သာစနစ် မကောင်းသောကြောင့် အညစ်အကြေးများ ချောင်း၊ မြောင်းများ အတွင်းသို့ ပြန်လည်စီးဝင်ပြီး ယင်းရေ ကိုပင် ပြန်လည်သုံးစွဲကြရပါကြောင်း၊ မြို့ပေါ်နှင့် ကျေးလက်ဒေသ ကျန်းမာရေးသည် အလွန်ကွာခြားလှပါ ကြောင်း၊ ယင်းသို့ ကွာခြားချက် အားနည်းသွားစေရန် ကျေးလက်ကျန်းမာရေးဝန်ထမ်းများ တိုးချဲ့ ခန့်အပ်ရန်၊ ရွာတစ်ရွာတွင် သားဖွား ဆရာမတစ်ဦး၊ အရန်တစ်ဦး၊ ကျန်းမာ ရေးလုပ်သားတစ်ဦး ထားရှိရေးကို ဦးတည်ဆောင်ရွက်သွားသင့်ပါကြောင်း၊ ၎င်းတို့ကသာ နေရာအနှံ့ သွားလာနိုင်ကြပြီး နှစ်ဆယ့်လေးနာရီ တာဝန်ယူနိုင်ကြပါကြောင်း၊ အရန်သားဖွားနှင့် ကျန်းမာရေးလုပ်သား များကိုလည်း ပညာအရည်အချင်း သတ်မှတ်၍ စဉ်ဆက်မပြတ် အရည် အသွေးမြင့်သင်တန်းပေးပြီး အမြဲတမ်းဝန်ထမ်းများအဖြစ် အဆင့်တိုး မြှင့်ခန့်အပ်ရန်နှင့် မျှော်လင့်ချက် အခွင့်အလမ်းများပေးရန် လိုအပ်ပါကြောင်း ထောက်ခံဆွေးနွေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက အဆိုနှင့်စပ် လျဉ်း၍ ပြန်လည်ရှင်းလင်းဆွေးနွေး ပြီး အဆိုရှင် ဒေါက်တာအေဇင်လတ်က ဖြည့်စွက်ရှင်းလင်းဆွေးနွေး ကာ အဆိုနှင့်စပ်လျဉ်း၍ လွှတ်တော် က မှတ်တမ်းတင်စောင့်ကြည့်ရန် လွှတ်တော်အဆုံးအဖြတ်ကို ရယူသည်။
ထို့နောက် အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြု၍ပေးပို့ လာသော ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေကို တတိယအကြိမ်ပြင်ဆင်သည့် ဥပဒေ ကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်း ကော်မတီဝင် ဦးဝေလှိုင်ထွန်းက အစီရင်ခံစာတင်သွင်းပြီး လွှတ်တော် ဥက္ကဋ္ဌက ပြင်ဆင်ချက်အဆို တင်သွင်းလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်းတင်သွင်းနိုင်ကြောင်းကို လွှတ်တော်သို့ ကြေညာသည်။
Credit To>>>  The Mirror Daily

0 comments:

Post a Comment