Thursday, July 28, 2016

လာမည့်သီတင်းပတ်အတွင်း ဒေသအချို့ ပုံမှန်ထက်ပိုပြီး နေရာကွက်၍မိုးကြီးမည်

ချင်းပြည်နယ်အပါအဝင် ဒေသအချို့သည် လာမည့်သီတင်းပတ်အတွင်း ပုံမှန်ထက်မိုးအားဆက်လက်ပိုနိုင်ပြီး နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က ခန့်မှန်းချက်ထုတ်ပြန်သည်။

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ရှမ်းပြည်နယ် တောင်ပိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် ဇူလိုင်လ ၂၈ ရက်နေ့မှ ဩဂုတ်လ ၂ ရက်နေ့အထိ ပုံမှန်ထက်မိုးပိုလာနိုင်ပြီး ဒေသအချို့တွင် နေရာကွက်၍မိုးကြီးခြင်း၊ ရေကြီးရေလျှံခြင်းနှင့် မြေပြိုခြင်းတို့ဖြစ်ပေါ်နိုင်ကြောင်း ၎င်းကသတိပေးပြောဆိုသည်။
ရန်ကုန်တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် မိုးအားလျော့နည်းနေနိုင်ကြောင်း ဒေါက်တာထွန်းလွင်က ခန့်မှန်းထားသည်။
မုတ်သုံလေအားနည်းနေခြင်းကြောင့် နောက်နှစ်ရက်အတွင်း ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း အပါအဝင် မြန်မာနိုင်ငံအောက်ပိုင်းဒေသအချို့တွင် မိုးရွာသွန်းမှုလျော့နည်းနိုင်ကြောင်း၊ သို့သော် မြန်မာနိုင်ငံ မြောက်ပိုင်းဒေသများတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ခြင်းကြောင့် မြစ်ကြီးများတွင် မြစ်ရေမြင့်တက်မှုများရှိနေရာ မြစ်ကမ်းအနီးရှိမြို့ကြီးများသည် ရေကြီးရေလျှံမှုအန္တရာယ်ကို သတိပြုရန်လိုအပ်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက သတိပေးချက် ထုတ်ပြန်ထားသည်။
Credit To >>> The Voice Weekly

0 comments:

Post a Comment