Monday, July 18, 2016

အတိတ်ကအမွေအနှစ်များအား လက်ဆင့်ကမ်းထိန်းသိမ်းခြင်းဖြင့် ယဉ်ကျေးမှုမြို့တော် မန္တလေးအဖြစ် ဆက်လက်ထင်ရှားစေနိုင်


မန္တလေးမြို့တော်သည် အတိတ်ကာလ၊ ပစ္စုပ္ပန်ကာလနှင့် အနာဂတ်ကာလများရှိသော မြန်မာ့ယဉ်ကျေးမှုအစုစုနှင့် ပေါင်းစုတည်ရှိရာ မြန်မာတို့၏ယဉ်ကျေးမှုမြို့တော် တစ်ခုဖြစ်သည်။
အတိတ်ကဘိုးဘွားအမွေဖြစ်သည့် ယဉ်ကျေးမှုအမွေအနှစ်များကို ပစ္စုပ္ပန်ကာလတွင် ထိန်းသိမ်းရင်း အနာဂတ်တွင် မျိုးဆက်သစ်များလက်ဆင့် ကမ်းအမွေပေးခဲ့ရန်မှာ မန္တလေးပြည်သူတို့၏ သမိုင်းပေး တာဝန်ပင် ဖြစ်သည်။လူမျိုးတစ်မျိုး၏ယဉ်ကျေးမှုဆိုသည်မှာ ထိုလူမျိုး တို့မွေးဖွားချိန်မှ သေဆုံးချိန်အထိ ပြုလုပ်သုံးစွဲခဲ့သော ပစ္စည်း၊ ဝတ်စားဆင်ယင်ထုံးဖွဲ့မှု၊ ပြောဆိုသည့်စကား၊ လူမှုဆက်ဆံရေးစနစ်၊ အတွေးအခေါ် အယူအဆ၊ ယုံကြည် ကိုးကွယ်မှု၊ အသက်မွေးဝမ်းကျောင်းမှု၊ ရိုးရာဓလေ့ထုံးစံ များနှင့် လက်မှုအနုသုခုမပညာတို့ကို ပေါင်းခြုံခေါ်ဝေါ်ခြင်း ဖြစ်သည်ဟု မနုဿဗေဒပညာရှင်များက အဓိပ္ပာယ်ဖွင့်ဆို ထားသည်။

ရိုးရာယဉ်ကျေးမှုကို ရုပ်ပိုင်းဆိုင်ရာယဉ်ကျေးမှုနှင့်စိတ်ပိုင်းဆိုင်ရာယဉ်ကျေးမှုဟူ၍ နှစ်မျိုးခွဲခြားထားပြီး ထိတွေ့၍ရသောဒြပ်ရှိပစ္စည်းများဆိုင်ရာ ဘိုးဘွားတို့၏အမွေအဖြစ်တည်ရှိခဲ့သော စေတီ၊ ပုထိုး၊ ရုပ်ပွားတော်၊ အဆောက်အအုံ၊ ဘုန်းတော်ကြီးကျောင်း၊ နန်းတော်၊ လူနေ အဆောက်အအုံ၊ ယင်းတို့တွင်ထုလုပ်ထားသည့် ပန်းပုရုပ်တု၊ ရေးဆွဲထားသည့်ပန်းချီ၊ ကမ္ပည်းကျောက်စာ၊ မော်ကွန်း၊ လမ်း၊ တံတား၊ ရေကန်၊ မြို့ရိုး၊ တံတိုင်း၊ တံခါး၊ မုခ်ဝ၊ ကျုံး၊ ခံတပ်အစရှိသည်တို့သည် ရုပ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှုများဖြစ်ကြပြီး ရှေးအစဉ်အဆက်ကတည်းက တည်ရှိခဲ့သော ဒြပ်မဲ့ယဉ်ကျေးမှုဆိုင်ရာ စာပေ၊ ဂီတ၊ သဘင်ဖန်တီးမှုအားလုံး၊ အခမ်းအနားများ၊ ဓလေ့ထုံးစံများ၊ ပွဲတော်များ၊ သဘာဝနှင့်စကြဝဠာဆိုင်ရာ အသိပညာ လုပ်ရိုးလုပ်စဉ်များ၊ မိရိုးဖလာလက်မှုပညာအစရှိသည်တို့ သည် စိတ်ပိုင်းဆိုင်ရာယဉ်ကျေးမှုများအဖြစ် ပစ္စုပ္ပန် ကာလတွင် အထင်အရှားတည်ရှိနေသည်။

မန္တလေးမြို့ရှိ ဒြပ်ရှိယဉ်ကျေးမှုအမွေအနှစ်များက မြို့တော်၏ဂုဏ်ကို တင့်တယ်စေပြီး ဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ်များက မြို့သူ မြို့သားများ၏ ဂုဏ်ကို ပြသဖော်ဆောင်လျက်ရှိသဖြင့် ထိုယဉ်ကျေးမှု အမွေ အနှစ်များစွာတို့သည် မန္တလေး၏ဂုဏ်၊ မြန်မာ့ဂုဏ်ကို တင့်တယ်စေသည်။

ယနေ့ခေတ်တွင် သတင်းအချက်အလက်နှင့် နည်း ပညာများအရ ယဉ်ကျေးမှုများ ကူးလူးဆက်စပ်ပြောင်းလဲ နေသော်လည်း မန္တလေးမြို့တော်တွင် မြန်မာ့ယဉ်ကျေးမှု ပြယုဂ်များစွာ ကျန်ရှိနေသဖြင့် ရေရှည်တည်တံ့ရန် မန္တလေးချစ်သူများက လိုလားလျက်ရှိကြသည်။

မန္တလေးမြို့တော် စည်ပင်သာယာရေးနယ်နိမိတ် အတွင်း ထင်ရှားသောဒြပ်ရှိယဉ်ကျေးမှုအမွေအနှစ်များ ဆိုင်ရာ ရှေးဟောင်းအထိမ်းအမှတ်အဆောက်အအုံများအနေဖြင့် အောင်မြေသာစံမြို့နယ်တွင် မင်းရှင်စော၊ မင်းတုန်းမင်း၊ သီပေါမင်း၊ ကနောင်မင်းသားနှင့် မှူးမတ်တို့ ဆောက်လုပ်လှူဒါန်းခဲ့သည့်အဆောက်အအုံပေါင်း ၃၁ ခု၊ ချမ်းအေးသာစံမြို့နယ်တွင် အင်းဝခေတ် မိဖုရားရှင်ဘို့မယ်၊ မင်းရှင်စော၊ ဘကြီးတော်မင်း၊ ပုဂံမင်းနှင့် သီပေါမင်းတို့ ဆောက်လုပ်လှူဒါန်းခဲ့သည့် အဆောက်အအုံပေါင်း ခြောက်ခု၊ မဟာအောင်မြေမြို့နယ်တွင် ဘိုးတော်(ဗဒုံမင်း)၊ ကင်းဝန် မင်းကြီး ဦးကောင်း၊ မင်းတုန်းမင်း၊ စုဖုရားလတ်နှင့် မြို့စား များလှူဒါန်းခဲ့သည့် အဆောက်အအုံပေါင်း ၁ဝ ခု၊ ချမ်းမြ သာစည်မြို့နယ်တွင် ဘိုးတော်(ဗဒုံမင်း)၊ ဘိုးတော်ဘုရားနှင့် မင်းညီမင်းသားများ ဆောက်လုပ်လှူဒါန်းခဲ့သည့် အဆောက် အအုံပေါင်း ခြောက်ခု၊ ပြည်ကြီးတံခွန်မြို့နယ်တွင် သာယာဝတီမင်းနှင့် မိဖုရားတို့ဆောက်လုပ်လှူဒါန်းခဲ့သည့် အဆောက်အအုံပေါင်း ခြောက်ခုနှင့် အမရပူရမြို့နယ်တွင် ဘကြီးတော်(စစ်ကိုင်းမင်း)နှင့် မြို့စာရေးမောင်ပိန်တို့ ဆောက်လုပ်လှူဒါန်းခဲ့သည့် အဆောက်အအုံပေါင်း ၁၉ ခုတို့ ကို လက်ဆင့်ကမ်းထိန်းသိမ်းခြင်းဖြင့်နောင်ကာလများစွာ တိုင် ယဉ်ကျေးမှုမြို့တော်မန္တလေးအဖြစ် ဆက်လက်ထင်ရှား နေမည်သာဖြစ်သည်။ 

Credit To >>> The Mirror Daily

0 comments:

Post a Comment