Monday, July 18, 2016

လုပ်အားခတောင်းရာမှTUNAငါးသေတ္တာစက်ရုံရှိ မြန်မာလုပ်သားများ အလုပ်ဖြုတ်ခံရ

ထိုင်းနိုင်ငံ မဟာချိုင်မြို့ ဝပ်ကံရပ်ကွက်မှTUNA ငါးသေတ္တာစက်ရုံမှ မြန်မာလုပ်သား ၁ဝဝ နီးပါးခန့်သည် ဇူလိုင် ၁၃ ရက်က မောင်းထုတ်ခံခဲ့ရကြောင်း အဆိုပါစက်ရုံရှိ အလုပ် သမားများထံမှ သိရသည်။

''အလုပ်ရုံမှာ အလုပ်မရှိလို့ မောင်းထုတ်ခံရတာမဟုတ်ပါဘူး။ အလုပ်ရုံမှာ အလုပ်ရှိနေ လျက်သားနဲ့ လုပ်အားခ ၄၅ ရက်စာ မရှင်းပေးလို့ သွားရောက်တောင်းဆိုတာကို လုပ်ငန်းရှင်က ၁၅ ရက်စာသာပေးပြီး အခုလိုမောင်းထုတ်လိုက်တာဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီအနေအထားတွေကို မြန်မာအလုပ်သမား
ဝန်ကြီးဌာန လက်ရှိနိုင်ငံတော်အစိုးရတို့က ထိုင်းအစိုးရဘက်ကို နည်းနည်းလေးဖိအားပေးပြီးဖြေရှင်းပေးစေချင်တယ်။ ရုတ်တရက်အလုပ်ဖြုတ်ခံလိုက်ရတဲ့ မြန်မာအလုပ်သမား ၁ဝဝ နီးပါးခန့်ဟာ နေဖို့၊ ထိုင်ဖို့ ချက်ချင်း အဆင်မပြေနိုင်ပါဘူး။ ယခုအလုပ်ဖြုတ်ခံရတဲ့ လူမျိုးတွေထဲမှာ ကမ္ဘောဒီးယားလူမျိုး
၁ဝဝ ကျော်လည်းပါဝင်ပါတယ်။ ကျန်တဲ့ လုပ်အားခတွေကို ဇူလိုင် ၂၁ ရက်မှာ လာယူရန် အဆိုပါစက်ရုံမှ ရက်ချိန်းပေးထားပါတယ်။ အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတွေက အခြားစက်ရုံတွေမှာ အလုပ်ရရှိဖို့လည်း လောလောဆယ်အနေအထားမှာ မလွယ်ကူသေးပါဘူး။ အလုပ်သမား ၁ဝဝ ကျော် အလုပ်ရဖို့ မလွယ်ကူသလို အလုပ်ရုံဘက်ကလည်း အလုပ်ထွက်ခွင့် စာတွေကျန်ပါသေးတယ်။ တရားဝင်ဖြစ်အောင် အခြားအဆင့်ဆင့် လုပ်ကိုင်ရဦးမှာပါ'' ဟု မြန်မာသံရုံးအလုပ်သမား အရေးကူညီဆောင်ရွက်နေသူ ကိုရဲမင်းက ပြောသည်။
လက်ရှိဖြစ်နေတဲ့အနေအထားမှာ အလုပ်သမားအရေး ကူညီတဲ့အဖွဲ့တွေအနေနဲ့လည်း ကျွန်တော်တို့ AACတစ်ဖွဲ့တည်း လွှတ်မထားဘဲ ကျန်တဲ့သူတွေလည်း လာရောက်ကူညီ ကြပါ။ ယခုမောင်းထုတ်ခံရတဲ့အလုပ်သမား လူ၁ဝဝ နီးပါး သွားစရာ၊ လာစရာ၊ နေစရာမရှိဘူးဖြစ်နေပါတယ်။ ခုလောလောဆယ် ဗဗဃ အဖွဲ့က သူတို့ကို နေရာချပေးဖို့ ကြိုးစားနေပါတယ်။ ကျွန်တော်တို့ AAC ရုံးခန်း
ကလည်း အဲလောက် အလုပ်သမားအများကြီး ကို ထားလို့မဆံ့နိုင်တာကြောင့် AAC ရုံးကို အလုပ်သမားတချို့တစ်ဝက် ခေါ်ဆောင်သွား ပြီး ကျန်အလုပ်သမားများကိုတော့ ထိုင်းဘုန်းကြီးကျောင်း တစ်ကျောင်းကျောင်းမှာနေထိုင်နိုင်အောင် သွားရောက်လျှောက်ထားအပ်နှံထားမှာပါ။ အခုမောင်းထုတ်ခံရတဲ့ နေရာဟာ မဟာချိုင် ဝပ်ကံရပ် KL ဈေးနဲ့ နီးပါတယ်။ မဟာချိုင်က ကားပိုင်ရှင်တွေ ဖြစ် နိုင်ရင် ပစ္စည်းတွေကိုကူညီသယ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် ''ဟု ယင်းကပြောသည်။
အဆိုပါ မောင်းထုတ်ခံရသည့် အလုပ်သမားများသည် နေထိုင်ခွင့်၊ ပန်းရောင်ကတ်၊Passport များ အားလုံးရှိကြပြီး အလုပ်သက်တမ်း နှစ်နှစ်ကျော်၊ သုံးနှစ်ကျော်၊ ခြောက်နှစ်ကျော်၊ ၁ဝ နှစ်ကျော်အထိ ရှိကြသူတွေလည်း ပါဝင်ကြောင်း သိရသည်။
Credit To >>> The Mirror Daily

0 comments:

Post a Comment