Friday, July 29, 2016

ကုန်းတွင်းမုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံတောင်ပိုင်းဒေသများ မိုးပိုမည်

တောင်တရုတ်ပင်လယ်ပြင်တွင်ဖြစ်ပေါ်နေသည့် အပူပိုင်းမုန်တိုင်း မီရီနယ်(Mirinae) ၏ အရှိန်ကြောင့် မုတ်သုံလေအားစနစ် ပြန်လည်ကောင်းလာနိုင်ပြီး မြန်မာနိုင်ငံတောင်ပိုင်းဒေသများတွင် မိုးပြန်ပိုလာနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောကြားသည်။

အဆိုပါမုန်တိုင်းသည် ဇူလိုင်လ ၂၈ ရက်နေ့တွင် ဗီယက်နမ်နိုင်ငံ မြောက်ပိုင်းကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ကြောင်း၊ ယင်းသို့ ဗီယက်နမ်မြောက်ပိုင်းမှ ကုန်းတွင်းကိုဖြတ်ကျော်ဝင်ရောက်နိုင်သည့် မုန်တိုင်းအရှိန်ကြောင့် မုတ်သုံလေအားပြန်လည်ကောင်းလာနိုင်ပြီး မွန်-တနင်္သာရီကမ်းရိုးတန်းဒေသများတွင် မိုးအားကောင်းလာနိုင်ကြောင်း ၎င်းကခန့်မှန်းပြောဆိုသည်။

“ မုန်တိုင်းအရှိန်ကြောင့် မုတ်သုံလေစနစ် အင်အားတိုးလာမယ့်ဘက်ကို ဦးတည်နေတယ်။ ဒါကြောင့် လာမယ့် သုံး၊ လေးရက်အတွင်းမှာ ကမ်းရိုးတန်းဒေသတွေမှာ မိုးအားပိုလာမယ်” ဟု ဦးကျော်လွင်ဦးက ဆိုသည်။

အပူပိုင်းမုန်တိုင်း(Mirinae) သည် ကုန်းတွင်းမုန်တိုင်းအဆင့်သို့ ရောက်ရှိနေပြီး အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားရာတွင် မုန်တိုင်းအကြွင်းအကျန်အရှိန်ကြောင့် မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မန္တလေးတိုင်းဒေသကြီးနှင့် ကမ်းရိုးတန်းဒေသများတွင် မိုးထစ်ချုန်းရွာနိုင်ကြောင်း ဒေါက်တာထွန်းလွင်က ပြောကြားသည်။

ထို့ပြင် မုန်တိုင်းအကြွင်းအကျန်များ(သို့မဟုတ်) အရှေ့လေပွေလှိုင်းများအရှိန်ကြောင့် မြန်မာနိုင်ငံအရှေ့ပိုင်းဒေသနှင့် အလယ်ပိုင်းဒေသတို့တွင် မိုးရွာသွန်းနိုင်ကြောင်း၊ အဆိုပါလေပွေလှိုင်းများသည် ဘင်္ဂလားပင်လယ်အော်အတွင်းသို့ ရောက်ရှိပါက မုန်တိုင်းပြန်ဖြစ်စေပြီး မုတ်သုံအားကောင်းစေခြင်းကြောင့် မြန်မာ့ကမ်းရိုးတန်းဒေသများကို မိုးပိုလာစေကြောင်း ၎င်းက သုံးသပ်ပြောဆိုသည်။

Credit To >>> The Voice Weekly

0 comments:

Post a Comment