Friday, July 29, 2016

ပုဂံ ဟိုတယ်ဝင်းများအတွင်းရှိ ဘုရား၊အုတ်ကျောင်းများကို အများပြည်သူ လေ့လာနိုင်ရန် ညှိနှိုင်းပေးမည်


မြန်မာ့ယဉ်ကျေးမှုများ၏ ပြယုဂ်တစ်ခုဖြစ်သော ပုဂံယဉ်ကျေးမှုဒေသရှိ ဟိုတယ်ဝင်းများအတွင်း ဘုရားနှင့် အုတ်ကျောင်း လေးဆယ်ကျော် ရှိရာ အများပြည်သူ လေ့လာခွင့်ရနိုင်စေရန် ညှိနှိုင်းဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ရှေးဟောင်းသုသေတနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (ပုဂံဌာနခွဲ) မှ အကြီးတန်းအရာရှိက The Voice သို့ပြောကြားသည်။

“သက်ဆိုင်ရာဝန်ကြီးဌာနကို တင်ပြမယ်၊ တိုင်းဒေသကြီးအစိုးရကိုလည်း အဆင့်ဆင့်တင်ပြမယ်။ ဒါက ယဉ်ကျေးမှုအမွေအနှစ်ဖြစ်လို့ တစ်ဦး တစ်ယောက်တည်း ပိုင်ဆိုင်လို့မရဘူး၊ အများပြည်သူတွေ လေ့လာခွင့် ရအောင် ညှိနှိုင်းဆောင်ရွက်သွားဖို့ရှိပါတယ်” ဟု ၎င်းကဆိုသည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ စီမံခန့်ခွဲရေးအဖွဲ့ကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ဥက္ကဋ္ဌ၊ ရှမ်းတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးစိုင်းကျော်ဇောက ဒုတိယဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်မည်ဖြစ်ပြီး သက်ဆိုင်ရာဌာနဆိုင်ရာ အသီးသီးမှ အရာထမ်းများက အဖွဲ့ဝင်များအဖြစ် ပါဝင်ကြောင်း၊ အဆိုပါအဖွဲ့က ဟိုတယ်ဝင်းများအတွင်း ဘုရား၊ အုတ်ကျောင်းများ ရှိခြင်းကို ညှိနှိုင်းဆောင်ရွက်ရန် မှတ်တမ်းတင်ထားကြောင်း ၎င်းကရှင်းပြသည်။
“ဧဒင်အုပ်စုဟိုတယ်ဝင်းထဲမှာ ပျူလက်ရာ ဘုရားစေတီတွေကိုပါ တွေ့ရတယ်။ အိန္ဒိယလက်ရာတွေလည်း တွေ့ရတယ်” ဟု ရှေးဟောင်း သုတေသနနှင့် စာကြည့်တိုက်ဦးစီးဌာနမှ အငြိမ်းစားယူခဲ့ပြီး လက်ရှိတွင် ပုဂံဒေသယဉ်ကျေးမှုထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နေသော ဦးအောင်ကြိုင် (မင်းဘူး) က ပြောဆိုသည်။
ပုဂံယဉ်ကျေးဒေသရှိ ဧဒင်ကုမ္ပဏီပိုင် ဟိုတယ်ဝင်းအတွင်း ဘုရား ၂၂ ဆူ၊ ပုဂံဟိုတယ်ဝင်းအတွင်း ဘုရား လေးဆူ၊ ဧရာဟိုတယ်ဝင်းအတွင်း ဘုရား သုံးဆူ၊ ပုဂံ-သံတဲဟိုတယ်ဝင်းအတွင်း ဘုရားနှစ်ဆူ၊ သီရိပစ္စယာ ဆန်ကျူရီ ရီဆော့အတွင်း ဘုရား ၁၀ ဆူနှင့် အုတ်ကုန်း လေးခု၊ သဇင်ဂါးဒင်းဟိုတယ်ဝင်းအတွင်း ဘုရားတစ် ဆူ၊ မျိုးမင်းဦး (သရက်ခြံ) ဝင်းရှိ Royal House Restaurant တွင် အုတ်ကျောင်း တစ်ခုတို့ တည်ရှိနေကြောင်း ရှေးဟောင်းသုတေသနေနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (ပုဂံ) ဌာနခွဲထံမှ သိရသည်။
Credit To >>> The Voice Weekly

0 comments:

Post a Comment