Wednesday, July 27, 2016

မြစ်ဆုံ တည်ဆောက်ရေးလုပ်ငန်းခွင် ဧရိယာ ပုဒ်မ၁၄၄ ဆက်ထုတ်

မြစ်ဆုံရေအားလျှပ်စစ် တည်ဆောက်ရေးလုပ်ငန်းခွင် နယ်မြေဧရိယာအား ပုဒ်မ ၁၄၄ ဆက်လက်ထုတ်ပြန်ထားရန် ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဇူလိုင်လ(၂၆)ရက်နေ့တွင် အမိန့်စာထုတ်ပြန်လိုက်ကြောင်း ပြည်နယ်အစိုးရအဖွဲ့ထံမှသိရသည်။

မြစ်ဆုံစီမံကိန်း ဧရိယာနယ်မြေကို ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးမှ ၂၀၁၃ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့မှ စတင်ထုတ်ပြန်ခဲ့ ခြင်းဖြစ်သည်။
“ အဲဒီနယ်မြေက မြစ်ဆုံစီမံကိန်း မဖျက်သိမ်းသရွေ့ ခရိုင်ကနေ ပုဒ်မ ၁၄၄ ထပ်မံထုတ်ပြန်ဖို့လုပ်နေရတာ ဖြစ်တယ်။ ခရိုင်က ၁၄၄ကို ကာလသတ်မှတ်ချက်အတိုင်း ထုတ်ပြန်ရတယ်။ ခရိုင်က ပုဒ်မ ၁၄၄ ထုတ်ပြန်တဲ့ ကာလပြီးဆုံးတိုင်း ထပ်ထုတ်ပြန်ရတာ ဖြစ်တယ်” ဟု ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၏ ကိုရေးအရာရှိ ဦးနေနော်က ပြောသည်။
မြစ်ဆုံဧရိယာတွင် ပုဒ်မ ၁၄၄ ထုတ်ပြန်သော်လည်း စီမံကိန်းနယ်မြေအတွင်း တာဝန်ထမ်းဆောင်နေသည့် သက်ဆိုင်ရာဌာနအဖွဲ့အစည်းမှ ဝန်ထမ်းများနှင့် မသက်ဆိုင်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဆက်လက် ဖော်ပြထားသည်။
“ စီမံကိန်းဧရိယာ စတဲ့အချိန်ကစပြီး ဒေသခံရွာတွေကို ရှင်းလင်းရင်းနဲ့ ပုဒ်မ ၁၄၄ စတင်ထုတ်ပြန်ခဲ့တာဖြစ် တယ်။ ယနေ့ထိလည်း ထုတ်ထားဆဲပါ” ဟု ဦးနေနော် ကဆက်လက်ရှင်းပြ သည်။
ဤအမိန့်စာကို လိုက်နာရန် ပျက်ကွက်သူများကို သက်ဆိုင်ရာ တည်ဆဲဥပဒေများနှင့် ထိရောက်စွာ အရေးယူခံရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
အဆိုပါ စီမံကိန်းကို ၂၀၀၆ ခုနှစ်တွင် တရုတ်နှင့် မြန်မာနှစ်နိုင်ငံ သဘောတူစာချုပ် ချုပ်ဆိုခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် ဆောက်လုပ်ရေး လုပ်ငန်းများအား တရုတ်အစိုးရပိုင် CPI ကုမ္ပဏီက ဦးဆောင်၍ စတင် တည်ဆောက်ခဲ့သော်လည်း ပြည်သူများနှင့် ပညာရှင်များကန့်ကွက်မှုကြောင့် သမ္မတ ဦးသိန်းစိန်က အစိုးရလက်ထက်တွင် စီမံကိန်းကို ရပ်ဆိုင်းရန် ၂၀၁၁ ခုနှစ်တွင် လွှတ်တော်သို့ သဝဏ်လွှာပေးပို့ ခဲ့သည်။
မြစ်ဆုံဆည် စီမံကိန်းအတွက် ဒေါ်လာ ၃ ဒသမ ၆ ဘီလီယံ အကုန်အကျခံ တည်ဆောက်ရန် စီစဉ်ခဲ့ပြီး မေခ၊ မလိခ မြစ်များပေါ် ရှိ ရေကာတာ စီမံကိန်းများ အတွက် တရုတ်နိုင်ငံက ဒေါ်လာ ဘီလီယံ ၂၀ အထိ ရင်းနှီးမြှုပ်နှံထားကြောင်း၊ အဆိုပါ စီမံကိန်းမှ ရေအား လျှပ်စစ် မဂ္ဂါဝပ် ၆၀၀၀ ထွက်ရှိမည်ဖြစ်ကာ အများစုကို တရုတ်နိုင်ငံက ရယူမည် ဖြစ်ကြောင်း ထုတ်ပြန်ထားချက်များအရ သိရသည်။
Credit To >>> The Voice Weekly

0 comments:

Post a Comment