Wednesday, July 27, 2016

တောင်ပိုင်းဆူဒန် အစိုးရအဖွဲ့မှ အတိုက်အခံခေါင်းဆောင် ဖယ်ရှားခံရခြင်းကို ကုလသမဂ္ဂ စိုးရိမ်နေ

အဓိက အတိုက်အခံ ခေါင်းဆောင်ကို ဒုတိယ သမ္မတ အဖြစ်မှ ဖယ်ရှားခြင်းနှင့် ပတ်သက်ပြီး နောက်ဆက်တွဲ ဆိုးကျိုးများ ပေါ်ပေါက်လာနိုင်ကြောင်း တောင်ပိုင်းဆူဒန် အစိုးရကို ကုလသမဂ္ဂက သတိပေးခဲ့သည်။တောင်ပိုင်းဆူဒန် သမ္မတ ဆယ်လ်ဗာကာရ်သည် ဇူလိုင် ၂၅ ရက်တွင် ၎င်း၏ နိုင်ငံရေး ပြိုင်ဘက်နှင့် တောင်ပိုင်းဆူဒန် ဒုတိယ သမ္မတ အမှတ် ၁ ဖြစ်သူ ရိခ်မေချာကို ရာထူးမှ ဖယ်ရှားခဲ့သည်။
ကာရ်နှင့် မေချာတို့၏ အားပြိုင်မှုကြောင့် လွန်ခဲ့သည့် ၂ နှစ်ခန့်က တောင်ပိုင်းဆူဒန် ပြည်တွင်းစစ် စတင်ခဲ့ပြီး ဩဂုတ်လတွင်မူ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရရှိခဲ့သည်။ အဆိုပါ သဘောတူညီမှုအရ ဒုတိယ သမ္မတ ၁ ရာထူးကို အတိုက်အခံ သူပုန်များက တင်မြှောက်ခွင့် ရခဲ့သည်။
ဧပြီတွင်မူ မေချာက ဒုတိယ သမ္မတ အမှတ် ၁ နေရာအတွက် ရာထူးလက်ခံပြီး ကျမ်းသစ္စာ ကျိန်ဆိုခဲ့သည်။ ထို့အပြင် မြို့တော် ဂျူဘားတွင်လည်း အစိုးရ တပ်များရော၊ အတိုက်အခံ တပ်ဖွဲ့များပါ စင်ပြိုင်သဖွယ် တပ်စွဲထားသည်။ ယခုလ အစောပိုင်းတွင်မူ နှစ်ဖက်တပ်ဖွဲ့များ အပြင်းအထန် တိုက်ပွဲဖြစ်ပွားခဲ့သလို တင့်ကားများ၊ ရဟတ်ယာဉ်များနှင့် လက်နက်ကြီးများကိုပါ အသုံးပြု တိုက်ခိုက်ခဲ့ရာ အထိအခိုက် အသေအပျောက် များပြားခဲ့သည်။ ထိုကိစ္စ နောက်ပိုင်းတွင် မေချာသည် ဂျူဘားကို စွန့်ခွာသွားခဲ့သည်။
ယခုအခါတွင်မူ ကာရ်က မေချာ၏ ရာထူးသတ်မှတ်ချက်ကို ဖျက်သိမ်းပြီး ဒုတိယ သမ္မတ ၁ နေရာအတွက် ဗိုလ်ချုပ်ကြီး တာဘန်ဒန်ဂိုင်ကို အစားထိုး ခန့်အပ်ခဲ့သည်။ ဒန်ဂိုင်သည် မေချာနှင့် အခြားသော အတိုက်အခံ အင်အားစုများကို အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရာ၌ အစိုးရ ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ခဲ့သူ ဖြစ်သည်။
ကုလသမဂ္ဂကမူ တောင်ပိုင်းဆူဒန် အစိုးရက အတိုက်အခံ ခေါင်းဆောင်ကို ထိုကဲ့သို့ တရားဝင် ရာထူးမှ ဖယ်ရှားခြင်းကြောင့် နောက်ဆက်တွဲ ဆိုးကျိုးများ ပေါ်ပေါက်လာမည်ကို စိတ်ပူကြောင်း ကြေညာသည်။ “အစိုးရ ရာထူးနေရာ ခန့်အပ်မှု မှန်သမျှဟာ ငြိမ်းချမ်းရေး စာချုပ်ပါ သဘောတူညီချက်တွေနဲ့ ကိုက်ညီဖို့ လိုပါတယ်”ဟု ကုလသမဂ္ဂ၏ ပြောရေးဆိုခွင့်ရ အရာရှိ ဖာဟန်ဟက်က ပြောကြားခဲ့သည်။
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အမျိုးသမီး အဲလိဇဘက်သ် ထရူဒီယူကမူ ဂျူဘား၌ အတိုက်အခံ အင်အားစုအချို့ တွေ့ဆုံခဲ့ပြီး ဒန်ဂိုင်ကို ဒုတိယ သမ္မတ အမှတ် ၁ ရာထူး ခန့်အပ်မည့် ကိစ္စအပေါ် ဆွေးနွေး သဘောတူထားကြောင်း ဆိုသည်။ “ဘာပဲဖြစ်ဖြစ်ပါ။ ဒီခန့်အပ်မှုဟာ ငြိမ်းချမ်းရေး သဘောတူ စာချုပ်ပါ အချက်တွေနဲ့ တိတိကျကျ အကျုံးဝင် ကိုက်ညီမှု ရှိသလား ဆိုတာကိုတော့ တောင်ပိုင်းဆူဒန် အစိုးရကို မေးခွန်းထုတ်စရာတွေ ဖြစ်လာပါလိမ့်မယ်”ဟု သူမက မှတ်ချက်ပေးခဲ့သည်။
တောင်ပိုင်းဆူဒန်သည် ၂၀၁၁ ခုနှစ်တွင် ဆူဒန်နိုင်ငံထံမှ ခွဲထွက်လာပြီး ၂ နှစ်မျှ အကြာတွင် ကာရ်နှင့် မေချာတို့၏ နိုင်ငံရေး ဩဇာပြိုင်ဆိုင်မှုကြောင့် ၂၀၁၃ ခုနှစ်တွင် ပြည်တွင်းစစ်တစ်ခု စတင်ပေါ်ပေါက်လာသည်။ အဆိုပါ ပြည်တွင်းစစ်အတွင်း လူပေါင်း ၁၀၀၀၀ ကျော် သေကြေပျက်စီးခဲ့ပြီး ၂ သန်းကျော်မှာ အိမ်နီးချင်း နိုင်ငံများသို့ ပြောင်းရွှေ့ခိုလှုံကာ စစ်ပြေးဒုက္ခသည်များ ဖြစ်လာခဲ့ကြသည်။
Credit To >>> 7 Day Daily

0 comments:

Post a Comment