Wednesday, June 22, 2016

CHDB ဘဏ်တွင် ကျပ်တစ်သိန်းထက် ငွေစုသူများကို တန်ဖိုးနည်းအိမ်ရာများ ဦးစားပေး ရောင်းမည်ဟုဆို

ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် CHDB တွင် တစ်လလျှင် ငွေကျပ် တစ်သိန်းမှ နှစ်သိန်းကြား ပုံမှန်ငွေစုသူများကို တန်ဖိုးနည်း အိမ်ရာများ ဦးစားပေး ရောင်းချမည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန တာဝန်ရှိသူက ပြောကြား သည်။

ဆောက်လုပ်ရေးဝန်ကြီးဌာနက နှစ်နှစ်အတွင်း ကျပ်သိန်း ၁ဝဝ အောက် အခန်းပေါင်း ၈ဝဝဝ ကျော် ဆောက်လုပ်ရန် စီစဉ်နေပြီး ယင်းအိမ်ရာများ ဝယ်ယူရန် ကြိုတင်ငွေ စုဆောင်းထားသည့် အိမ်ရာ မရှိသူများကို ဦးစားပေး ရောင်းချမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။
“အိမ်ဝယ်ဖို့ သီးခြား လာစုထားချင်တယ်။ အဲဒီလို စုထားတဲ့သူတွေကို ဝန်ကြီးက သူတို့လုပ်မယ့် အိမ်ရာတွေမှာ ရောင်းချတဲ့ အိမ်ရာတွေမှာ အခွင့်အရေးပေးဖို့လို့ ပြောထားပါတယ်။ တစ်လကို ငွေ ဘယ်လောက်စုရမယ် မသတ်မှတ်ထားပါဘူး။ အခုမှ လာစုလဲ ရပါတယ်။ အဓိက ဥပမာ သိန်း ၉ဝ နဲ့ရောင်းချမယ့် တိုက်ခန်းရဲ့ ၃ဝ ရာခိုင်နှုန်း ပေးရမယ်ဆိုရင် သူမှာ အဲဒီစုထားတဲ့ ငွေပမာဏရရင် မဲနှိုက်တဲ့အခါမှာ အခွင့်အရေး ရနိုင်ပါတယ်”ဟု (CHDB)ဘဏ်မှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးဝင်းဇော်က ပြောကြားသည်။
အိမ်ပိုင် မရှိသူ အစိုးရ ဝန်ထမ်းများနှင့် အများပြည်သူများ ပိုင်ဆိုင်နိုင်သည့် အခွင့်အရေးများ ရရှိနိုင်ရန် ကျပ် သိန်း ၁ဝဝ အောက် တန်ဖိုးနည်း အိမ်ရာများကို ရန်ကုန်တိုင်းဒေသကြီး သန်လျင်၊ မင်္ဂလာဒုံနှင့် ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်များတွင် ၂ဝ၁၈ ခုနှစ်အတွင်း အပြီးတည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဦးစီး ဌာနထံမှ သိရှိရသည်။
“CHDB ဘဏ်က သူတို့ဘဏ်မှာ စုတဲ့သူကို ဦးစားပေးတဲ့ သဘောပါပဲ။ ဘဏ်တွေ အားလုံးက ဈေးကွက်မှာ အများဆုံး ပြိုင်ဆိုင်တဲ့အခါမှာ သူ့ Customer ကို သူ အခွင့်အရေး ပေးတာတော့ မှန်ကန်တဲ့ ယဉ်ပြိုင်မှုပါပဲ။ မြန်မာနိုင်ငံ ဘဏ်များအသင်းမှ အတွင်းရေးမှူး ဦးမိုးသက်ထူးက ဆိုသည်။
လက်ရှိတွင် CHDB ဘဏ်သည် အစိုးရက အကောင်အထည်ဖော် တည်ဆောက်နေသော အိမ်ရာစီမံကိန်းများနှင့် ပုဂ္ဂလိက ဆောက်လုပ်ရေး လုပ်ငန်းများကို ချေးငွေကျပ် ၁၃၂ ဘီလီယံခန့် ထုတ်ချေးထားသည်။
 Credit To >>> The Voice Weekly

0 comments:

Post a Comment