Monday, June 13, 2016

ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနှင့် ရေလုပ်သားများ အာမခံချက်ပေးနိုင်ရေး မြိတ်ပင်လယ်ရွာများသို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ ကွင်းဆင်းလေ့လာ

ရေသယံဇာတများနှင့် ရေလုပ်ငန်းကဏ္ဍများ ရေရှည် တည်တံ့ဖွံ့ဖြိုးတိုးတက်စေရန် ထိန်းသိမ်းဆောင်ရွက်နိုင် ရေးနှင့် ရေလုပ်သားများအား အာမခံချက် အပြည့်အဝ ပေးနိုင်ရေးအတွက် ဥပဒေကြမ်းတစ်ခုရေးဆွဲပြီး လွှတ်တော် သို့တင်သွင်းရန် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ ဇွန် ၁ဝ ရက် နံနက်က မြိတ်မြို့ မြန်အောင်ရပ်ကွက်ရှိ မြိတ်ခရိုင်ငါးလုပ်ငန်းအဖွဲ့ချုပ်ရုံး အစည်းအဝေးခန်းမ၌ ဒေသခံရေလုပ်ငန်းရှင်များနှင့်တွေ့ဆုံကာ ဆွေးနွေးညှိနှိုင်း ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ဒေသခံပြည်သူများအတွက် ရေရှည် အကျိုးသက်ရောက်မည့် ဥပဒေတစ်ခုဖြစ်ပေါ်လာရေးနှင့် ရေလုပ်ငန်းကဏ္ဍ ရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်ရေး အတွက် အမှန်တကယ်ထိရောက်သည့် ဥပဒေဖြစ်လာစေ ရေးအတွက် အမျိုးသားလွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာခွန်ဝင်းသောင်းက အဖွင့်အမှာစကားပြောကြား ပြီး အမျိုးသားလွှတ်တော်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကော်မတီအတွင်းရေးမှူး ဒေါက်တာ ဝင်းမြင့်နှင့် ကော်မတီအဖွဲ့ဝင် ဦးခင်မျိုးဝင်းတို့က ဒေသခံရေလုပ်ငန်းရှင်များနှင့် အကြံပြု ဆွေးနွေးပြောကြားခဲ့သည်
ထို့နောက် တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးလှသန်း၊ မြိတ်ခရိုင်ငါးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးစန်းမောင်နှင့် တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ် အတွင်းရေးမှူး ဦးသက်စိုးတို့က မြိတ်ဒေသအတွင်းရှိ ငါးဖမ်း လုပ်ငန်းလုပ်ကိုင်နေမှုများ၊ ငါးဈေးကွက်နှင့်ပတ်သက်၍ ပြည်တွင်းဈေးကွက် မရှိသဖြင့် တစ်ဖက် ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချနေမှုများကို လည်းကောင်း၊ ငါးမဖမ်းရကာလအတွင်း ငါးဖမ်းဆီးမှုရပ်နားထားမှုများ၊ ရေလုပ်ငန်းဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများ၊ ရေလုပ်ငန်းရှင်များ၊ ကင်းမွန်လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများက ဒေသတွင်းငါးဖမ်းလုပ်ငန်းလုပ်ကိုင်နေမှုနှင့် ရေလုပ်ငန်း ရေရှည်တည်တံ့ရေးအတွက် လိုအပ်ချက်များကို တင်ပြဆွေးနွေးကြသည်။
ယင်းနောက် အမျိုးသားလွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ရေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး ယင်းကော်မတီဥက္ကဋ္ဌနှင့် အဖွဲဝင်များ မြိတ်ကျွန်းစုအတွင်းရှိ ပင်လယ်ရွာများသို့ သွားရောက်ပြီး ရေလုပ်ငန်းနှင့်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အမှီပြုနေကြ သော ဒေသခံတို့၏ လူနေမှုဘဝနှင့် အခက်အခဲများ၊ ရေလုပ်သားများ၏ အခက်အခဲများကို ကွင်းဆင်းလေ့လာပြီး ပြည်သူကို အမှန်တကယ်အကျိုး ပြုမည့် ဥပဒေကြမ်းတစ်ခုရေးဆွဲနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Credit To >>> The Mirror Daily

0 comments:

Post a Comment