Monday, June 13, 2016

စိုက်ပျိုးရေးထွက်ကုန်များနှင့် သွင်းအားစုများရောင်းချရေး တရုတ်နှင့် လက်မှတ်ရေးထိုး

တရုတ်နိုင်ငံထုတ် သွင်းအားစုနှင့် ပိုးသတ်ဆေး အမည်တံဆိပ်အသစ်များ တင်သွင်းခြင်း၊ မြန်မာ့ကောက်ပဲသီးနှံများ တရုတ်ပြည်သို့ ရောင်းချရာတွင် ပူးပေါင်းခြင်း စသည့်အချက်များ ပူးတွဲလုပ်ဆောင်ရန် မြန်မာနိုင်ငံ သစ်သီး ဝလံ၊ ပန်းမန်အသင်းနှင့် တရုတ်နိုင်ငံ ကောက်ပဲသီးနှံကာကွယ်ရေးအဖွဲ့တို့ လက်မှတ်ရေးထိုးခဲ့ကြသည်။
ရန်ကုန်မြို့ မြန်မာကွန်ဗင်းရှင်းစင်တာတွင် ဇွန် ၈ ရက်က ပြုလုပ်သည့် နိုင်ငံတကာစိုက်ပျိုးရေး ကုန်စည်ပြပွဲနှင့် ကောက်ပဲသီးနှံများထိန်းသိမ်းခြင်း ဖိုရမ်တွင် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပြီး တရုတ်နိုင်ငံ စိုက်ပျိုးရေးနှင့် ပတ်သက်သော ရောင်းကုန်များတွင် ပူးပေါင်းဆောင်ရွက်သွားမည်ဆိုသည့် အချက်များလည်း ပါဝင်သည်။
''သူတို့ဘက်က ပစ္စည်းတွေကို ဒီဘက်မှာ ဈေးကွက်ချဲ့တဲ့သဘောပါပဲ။ ကိုယ့်ဘက်ကလည်း သူတို့တရုတ်ဘက်မှာ ဈေးကွက်ချဲ့မယ်ဆိုရင် သူတို့က ကူညီပေးမယ်။ လုပ်ဆောင် ပေးမယ်။ ပြီးတော့ သူတို့က မြန်မာနိုင်ငံမှာ ဓာတ်မြေသြဇာတွေကို သုံးစွဲပုံ၊ သုံးစွဲနည်းနဲ့ စနစ်တကျသုံးစွဲနည်းတွေကိုလည်း သင်တန်းပေးတာတွေ လုပ်ဆောင်ပေးသွားဖို့ပါ''ဟု မြန်မာနိုင်ငံ သစ်သီးဝ လံ၊ပန်းမန်နှင့် ဟင်းသီးဟင်းရွက် ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူ များအသင်းဥက္ကဋ္ဌ ဦးစိုးသန်းမင်းဒင်က ပြောသည်။
အဆိုပါဖိုရမ်တွင် တရုတ်နိုင်ငံ ကောက်ပဲသီးနှံကာကွယ်ရေးအဖွဲ့အပြင် တရုတ်နိုက်ထရိုဂျင်မြေသြဇာ လုပ်ငန်းရှင်အသင်းနှင့် အိန္ဒိယ၏ အခြေခံ ဓာတုပစ္စည်း ဆိုးဆေးများနှင့် အလှကုန်ပို့ကုန်မြှင့်တင်ရေးကောင်စီ၊ အိန္ဒိယ ပိုးသတ်ဆေး ထုတ်လုပ်သူနှင့် ရေးဆွဲသူများအသင်းတို့လည်း တက်ရောက်ခဲ့ သည်။ ယခုနှစ်အတွင်း ဈေးကွက်မြှင့်တင်ခြင်း၊ အပြန်အလှန်ကုန်သွယ်ခြင်း စသော လုပ်ငန်းများကို လုပ်ဆောင်သွားမည်ဖြစ်သည်။

# The Mirror Daily

0 comments:

Post a Comment