Friday, June 3, 2016

တရားဥပဒေစိုးမိုးရေးစင်တာ လုပ်ငန်းဆက်လုပ်နိုင်ရန် ဂျပန်က ရန်ပုံငွေထောက်ပံ့

ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ်၏ အကူအညီဖြင့် ဆောင်ရွက်နေသော တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရန် အမေရိကန်ဒေါ်လာ ၁သန်း (ဂျပန်ငွေ ၁၁၃သန်း)ကို ထောက်ပံ့ရန် သဘောတူစာချုပ် ချုပ်ဆိုခဲ့သည်။

ယင်းစာချုပ်ကို ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (မြန်မာ)၏ ဌာနေကိုယ်စားလှယ် မစ္စတာတွိုင်လီကူးဗာနော့ဗ် နှင့် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး မစ္စတာတာတေးရှီဟီဂူချီတို့ ချုပ်ဆိုခဲ့ကြောင်း ဇွန် ၂ရက်က သတင်းထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

တရားဥပဒေစိုးမိုးရေး စင်တာလေးခုကို ရန်ကုန်၊ မန္တလေး၊ ကချင်ပြည်နယ် မြစ်ကြီးနား နှင့် ရှမ်းပြည်နယ် တောင်ကြီးတို့တွင် ဖွင့်လှစ်ထားပြီး ဥပဒေပညာဖြင့် အသက်မွေးဝမ်းကျောင်းပြုသူများ၊ ရပ်ရွာလူထုခေါင်းဆောင်များ နှင့် အရပ်ဖက်အဖွဲ့အစည်းများကို အသိပညာ၊ စွမ်းရည် နှင့် ဥပဒေဆိုင်ရာသတိပြုမှုများ မြှင့်တင်ရေးဆောင်ရွက်လျက်ရှိသည်။

စင်တာများတွင် အစိုးရ တာဝန်ရှိသူများ နှင့် ပြည်သူများ၏ စိုးရိမ်ဖွယ်ကိစ္စရပ်များ၊ မူးယစ်ဆေးဝါးပြဿနာများ၊ မူးယစ်ဆေးဝါးကြောင့် နောက်ဆက်တွဲဖြစ်ပေါ်နိုင်သည့် လူမှုရေးဆိုးကျိုးများ၊ ကာကွယ်တားဆီးရေးနည်းလမ်းများ၊ အမျိုးသမီး နှင့် ကလေးသူငယ်တို့ ကြုံတွေ့နေရသည့် အကြမ်းဖက်မှုများ စသည်တို့ကို ဆွေးနွေးဖလှယ်နိုင်သည်။

ယင်းစင်တာများကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ လမ်းညွှန်မှုဖြင့် တည်ထောင်ထားခြင်းဖြစ်ပြီး ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ်(မြန်မာ)၏ မြန်မာ့ဒီမိုကရေစီနိုင်ငံရေး ကူးပြောင်းရေးကာလအတွင်း ကူညီမှု လုပ်ငန်းစဉ်၏ အဓိကကျသော လုပ်ငန်းတစ်ခုလည်းဖြစ်သည်။

Credit To >>> Mizzima Burmese

0 comments:

Post a Comment