Tuesday, January 14, 2014

ပျူမြို့ဟောင်းဟန်လင်းတွင် သဘာဝရေပူစမ်း အပန်းဖြေစခန်း တည်ဆောက်

ပျူခေတ်လက်ရာများ တွေ့ရှိခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့နယ်ရှိ ဟန်လင်း စံပြကျေးရွာတွင် ပြည်တွင်းပြည်ပ ခရီးသွားများ လာရောက် အနားယူနိုင်ရန် သဘာဝရေပူစမ်း အပန်းဖြေစခန်း တည်ဆောက်သွားရန် ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း စစ်ကိုင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ဦးက ပြောကြားသည်။

ဟန်လင်း သဘာဝရေပူစမ်း တည်ဆောက်မည့် နေရာသည် ပြတိုက်လမ်းနှင့် ရွှေဂူကြီး လမ်းထောင့်တွင် တည်ရှိပြီး ရေမြောင်းများ၊ ရေပူစမ်းအနီး စိမ်းလန်းစိုပြည်ရေး လုပ်ငန်းများ၊ ရွာအတွင်းလမ်းများ ပြုပြင်ခြင်းလုပ်ငန်းများ၊ မြေယာရှုခင်း အလှဆင်သည့် လုပ်ငန်းများကို လုပ်ကိုင်သွားမည် ဖြစ်ကြောင်း၊ ပတ်ဝန်းကျင် သာယာလှပရေး ပန်းအလှပင်များ စိုက်ပျိုးခြင်း လုပ်ငန်းအား Lucky Home ကုမ္ပဏီမှ ဒီဇိုင်းရေးဆွဲ ဆောင်ရွက်လျက်ရှိပြီး မြို့နယ်အဆင့် ကော်မတီများဖွဲ့စည်း၍ ဆောင်ရွက်နေကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။

“ရေပူစမ်းတွေ ကတော့ ဟန်လင်းဒေသမှာ အများကြီးပဲ။ အဲဒီအများကြီး တွေကို ရေမြောင်းဖော်ပေးပြီး စခန်းအတွက် တည်ဆောက်မှုတွေ ကတော့ စတင်နေပြီ၊ ရေမြောင်း ဖော်တာတွေ နဲ့ ရေပူစမ်းတွေ အနီးကွင်းပြင်ရှင်းတဲ့ လုပ်ငန်းတွေတော့ လုပ်ဆောင်ပြီးနေပါပြီ။ ဒီဇန်နဝါရီ လကုန်ပိုင်းလောက်မှာ ဟန်လင်းကို ကမ္ဘာ့ရှေးဟောင်းယဉ်ကျေးမှုနယ် အမွေအနှစ်စာရင်း ဝင်နိုင်အောင်လည်း ယူနက်စကို အဖွဲ့က တာဝန်ရှိသူတွေ လာရောက် စစ်ဆေး ဖို့ ရှိပါတယ်" ဟု ဟန်လင်း ပျူမြို့ဟောင်း ဒေသတွင် ဆောက်လုပ်ရေး လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နေသည့် ဝန်ထမ်းတစ်ဦးက ဆိုသည်။

ရေပူစမ်း အများစုသည် ဟန်လင်းစံပြကျေးရွာ ရေပူကုန်းရပ်တွင် တည်ရှိပြီး လက်ရှိကျေးရွာတွင် နေထိုင်သော ဒေသခံများသည် ဆောင်းတွင်းကာလတွင် ရေပူစမ်းများ၌ ရေများချိုးကြပြီး၊ အချို့ကန်များမှာ ကြက်ဥ ထည့်ပြုတ်လျှင်ပင် ကျက်သော ကန်များလည်း ရှိကြောင်း ဟန်လင်းဒေသခံများက ဆိုသည်။

The Voice Weekly

0 comments:

Post a Comment