Saturday, June 4, 2016

မင်းပြားမြို့နယ်ရှိ ကျေးရွာများအနီးနှင့် ရာဘာခြံများသို့ တောဆင်ရိုင်းများ ဝင်လာသည့်အတွက် ဒေသခံများ ထိတ်လန့်နေ



ရခိုင်ပြည်နယ် မင်းပြားမြို့နယ်ရှိ အ၀ရွာကျေးရွာအုပ်စုနှင့် သင်းပုတ်ချောင်းကျေးရွာအုပ်စုထဲရှိ ကျေးရွာများအနီးနှင့် ရာဘာခြံများသို့ ဧပြီလမှ စတင်ကာ ရခိုင်ရိုးမမှ တောဆင်ရိုင်းများ ဝင်ရောက်လာသည့် အတွက် ဒေသခံများ ထိတ်လန့်နေကြကြောင်း သိရှိရသည်။

ရခိုင်ရိုးမတောရိုင်းသဘာဝမြေများအား လူအသုံးချမူ များပြားလာခြင်းကြောင့် ဆင်များ၏ နေထိုင်ကျက်စားရာနေရာများ ပျောက်ဆုံးလာကာ မင်းပြားမြို့နယ်မှ ဒေသခံများစိုက်ပျိုးထားသော ငှက်ပျော်ပင်များ အပါအ၀င် နာနတ်သီး၊ ပိန္နဲသီးစသည့်တို့အား နေ့စဉ် ၀င်ရောက် စားသောက်ခြင်းများရှိနေကြောင်း ဒေသခံများထံမှ သိရသည်။
“ဆင်တွေရောက်လာတာ ၂ လကျော်လောက် ရှိပါပြီ။ ငှက်ပျော်ပင်တွေအားလုံး ဆင်စားလို့ကုန်ပါပြီ။ ရာဘာခြံတစ်ခြံက မောင်းထုတ်လိုက်ရင် နောက်တစ်ဖက်ကို ကူးသွားတယ်။ ပြီးတော့ ပြန်ရောက်လာတယ်။ ဒီနေရာတစ်ဝိုက်မှာပဲ လှည့်ပတ်ပြီး ဆင်တွေက နေထိုင်နေတယ်။ ရွာသားတွေ ဆိုရင်လည်း တောတွေထဲကို ဘယ်သူမှ မသွားရဲတော့ဘူး။ ဒါကြောင့် အာဏာပိုင်တွေအနေနဲ့ အန္တရာယ်ကင်းအောင် တစ်ခုခုလုပ်ပေးစေချင်တယ်”ဟု သင်ပုတ်ချောင်းကျေးရွာအုပ်စုမှာ ရာဘာခြံပိုင်ရှင် ဦးမောင်တင်ဝင်းက ဆိုသည်။
မင်းပြားမြို့နယ်အတွင်း ရောက်ရှိနေသည့် တောဆင်ရိုင်း ၃ ကောင်အထိ ရှိနေပြီး တောထဲတွင် ဒေသခံများနှင့် ရင်ဆိုင်တွေ့ဆုံမူများရှိသော်လည်း အန္တရာယ်မပြုသော်လည်း ဒေသခံများအနေဖြင့် ဗြောက်အိုးများ ပစ်ဖောက်ကာ ဆင်များအား ခြောက်လန့် မောင်းထုတ်နေရကြောင်း သိရသည်။
“ကျွန်တော်တို့ သစ်တောအဖွဲ့ကတွေ့တာ နှစ်ကြိမ်ရှိပြီ။ အခု ဆင်တွေကို လိုက်လံမောင်းထုတ်တာတွေ လုပ်နေပါတယ်။ အများအားဖြင့် သင်းကွဲလာတဲ့ ၆ နှစ်လောက်ရှိမယ့် ဆင်ငယ်တွေပါ” ဟု မင်းပြားမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသက်နိုင်ဦးက ပြောသည်။
မြန်မာနိုင်ငံတွင် ဆင်များကို စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အလောင်းတော် ကဿဖ အမျိုးသားဥယျာဉ်၊ ရခိုင်ပြည်နယ်တွင် ရခိုင်ရိုးမဆင်ဘေးမဲ့တော၊ မန္တလေးတိုင်းတွင် ရွှေဥဒေါင်း ဘေးမဲ့တော၊ ကချင်ပြည်နယ် ဟူးကောင်ချိုင့်ဝှမ်း ဘေးမဲ့တောနှင့် မြောက်စာမရီ ဆင်ထိန်းသိမ်းရေး သဘောဝနယ်မြေနှင့် ပဲခူးတိုင်း ဦးဖိုးကျား ဆင်စခန်းတို့တွင် ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း သိရသည်။

Credit To >>> The Ladies News

0 comments:

Post a Comment