Tuesday, August 27, 2013

ကန့်ဘလူမြို့နယ် ထန်းကုန်းအကြမ်းဖက်မှု ဖြစ်စဉ်ကြောင့် ဒုက္ခသည် ၃၁၈ ဦး ရှိနေ

8.1.1
ကန့်ဘလူမြို့နယ် ထန်းကုန်းကျေးရွာတွင် မီးလောင်နေသော အဆောက်အအုံ တစ်ခုအား သြဂုတ် ၂၅ ရက် နံနက် ၁ နာရီခန့်က တွေ့ရစဉ်
ရွှေဘိုခရိုင် ကန့်ဘလူမြို့နယ် ထန်းကုန်းကျေးရွာတွင် သြဂုတ် ၂၄ ရက်က ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုကြောင့် ဒုက္ခသည် ၃၁၈ ဦးခန့် ရှိပြီး တစ်နာရီ ၀န်းကျင်အတွင်း သတင်း ပျံ့နှံ့ကာ အကြမ်းဖက်ခဲ့ခြင်းအပေါ် ဝေဖန်မှုများ ရှိနေကြောင်း သိရသည်။
''စဖြစ်တာက ငါးနာရီသာသာ လောက်မှာ။ ရဲစခန်းရှေ့ကို ခြောက်နာရီလောက်မှာ အနီး တစ်ဝိုက် ရွာတွေက လူ ၂၀၀ လောက် ရောက်လာတယ်။ နောက်နာရီဝက်လောက် ကြာတော့ လူထောင်ချီထိ ဖြစ်သွားတယ်။ သတင်းပျံ့နှံ့မှုက ပုံမှန်ထက် မြန်ဆန်လွန်းနေ တယ်''ဟု ကန့်ဘလူမြို့နယ် ဒေသခံတစ်ဦးက သုံးသပ်သည်။
''အကြမ်းဖက်မှုဖြစ်တဲ့ ညမှာပဲ ပါဝင်သူ ၁၁ ဦးကို ဖမ်းဆီးရမိခဲ့တယ်။ လတ်တလောတော့ ထန်းကုန်းရဲစခန်းမှာပဲ စစ်ဆေးနေတယ်။ ရွှေဘိုခရိုင်တွင်းက မြို့နယ်ရဲမှူးတွေ ကတော့ ကိုယ့်နယ်ကိုယ်ပြန် ရောက်နေကြ ပြီ''ဟု ခင်ဦးမြို့နယ်ရဲမှူး ဦးသန်းဝင်းက ပြောကြားသည်။
ထန်းကုန်းနယ် ရဲစခန်းသို့ လက်ရှိဖမ်းဆီး ထားသူများ၏ ထွက်ဆိုချက်ကို မေးမြန်းခဲ့သော်လည်း ရဲစခန်း တာဝန်ရှိသူများက ဖြေဆိုခွင့် မရှိကြောင်း ငြင်းဆန်ခဲ့သည်။
လက်ရှိတွင် အိမ်ထောင်စု ၄၈ စုမှ ဒုက္ခသည် ၃၁၈ ဦးအား ထန်းကုန်းရွာ အာရ်ဗီစာ သင်ကျောင်း၌ နေရာချထားပြီး လုံခြုံရေးအနေဖြင့် ရွှေဘိုနယ် တစ်ဝိုက်မှ ရဲတပ်ဖွဲ့ဝင် ၇၀ ခန့်က ရွာအ၀င်အထွက် လမ်းများတွင် စောင့်ကြပ်လျက် ရှိသည်။
''ဖြစ်ဖြစ်ချင်းတော့ တပ်မတော်ကို အကြောင်းကြားပြီး လုံခြုံရေး အင်အားယူဖို့ စီစဉ်တယ်။ ရဲတပ်ရင်း နှစ်ရင်းက လုံထိန်းတွေလည်းဖြစ်ပြီး နောက်နေ့မနက်မှာ ရောက်လာကြတယ်။ ဒါပေမဲ့ ရဲတပ်ရင်းကလည်း ရောက်တဲ့နေ့ပဲ ပြန်သွားတယ်။ တပ်မတော်ကတော့ ရောက် လာတာ မတွေ့ရဘူး။ အခုလောလောဆယ် နယ်မြေတည်ငြိမ် အေးချမ်းတယ် ပြောလို့ရ တယ်'' ဟု ဇီးကုန်းနယ် NLD ပါတီမှ ဦးဝင်းအောင်က ပြောကြားသည်။
အကြမ်းဖက်ဖြစ်စဉ်တွင် ရပ်ဝေးဒေသမှ မျက်နှာစိမ်းများ ပါဝင်ခြင်း မရှိနိုင်ကြောင်း သိရပြီး ရွှေဘိုခရိုင်တွင်းမြို့နယ် ဒေသခံများမှာ အကြမ်းဖက်မှု ဖြစ်စဉ်အပေါ် စိုးရိမ်စိတ် ရှိနေကြသည်။
''အချို့လူတွေကို ကျွန်တော်တို့ မှတ်မိတယ်။ သူတို့တွေလည်း ကျွန်တော်တို့ကို မှတ်မိတယ်။ ဒါပေမဲ့ သူတို့မျက်လုံးတွေက အံ့သြဖို့ကောင်းလောက်အောင် အရောင်တွေ ပြောင်းသွားပြီး ရန်လိုနေကြတယ်။ အနီးတစ်ဝိုက် ရွာတွေက လာကြတာပဲဖြစ်ဖို့ အများဆုံးပါ။ ရွာကိုသွားတဲ့ လမ်းတစ်လျှောက်မှာ မသင်္ကာစရာ ကောင်းတဲ့ ယာဉ်အသွား အလာမျိုး မရှိဘူး။ အခြားနယ်က လာမယ်ဆိုရင်လည်း ဒီလိုအချိန်လောက်နဲ့ ရောက်ဖို့ မရှိပါဘူး'' ဟု ဇီးကုန်းနယ် ဒေသခံတစ်ဦးက ဆိုသည်။

သြဂုတ် ၂၅ ရက်ညတွင် NLD အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြင့်နိုင် လာရောက်ကာ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း၊ အနီး တစ်ဝိုက် နယ်များတွင်လည်း ပဋိပက္ခ မဖြစ်ပွားရေး ဟောပြောပွဲများ ပြုလုပ်သွားမည် ဖြစ်ကြောင်း၊ လက်ရှိဒုက္ခသည်များတွင် ၁၀ နှစ်အောက် ကလေးငယ် ၁၁၁ ဦး ပါဝင်နေကြောင်းနှင့် ပျက်စီးဆုံးရှုံးမှု စာရင်းအသေးစိတ်အား ထုတ်ပြန်နိုင်ခြင်း မရှိသေးကြောင်း စုံစမ်းသိရှိရသည်။

Eleven Media Group

0 comments:

Post a Comment