ရုရှားဘောလုံးပရိသတ် ခေါင်းဆောင်တစ်ဦးကို ပြင်သစ်နိုင်ငံက ဒုတိယ အကြိမ်မြောက် နယ်နှင်ခဲ့ရကြောင်း သိရှိရသည်။
ပြင်သစ်အာဏာပိုင်များက အလက်ဇန္ဒား ရှပ်ရိုင်ဂျင်ကို တစ်ပတ်အတွင်း နှစ်ကြိမ်မြောက်အဖြစ် နိုင်ငံထဲမှ နှင်ထုတ်ခဲ့ကြောင်း အတည်ပြုခဲ့သည်။ ဇွန် ၂၁ ရက်တွင် ၎င်းကို တာဝန်ရှိသူများက ပါရီမှ မော်စကိုသို့ ပျံသန်းသည့် လေယာဉ်တစ်စီးပေါ် တင်ပေးလိုက်ကြသည်။
ပြင်သစ်တွင် ကျင်းပနေသည့် ဥရောပဖလား ဘောလုံးပွဲစဉ် အစောပိုင်း၌ ရုရှားပရိသတ်များ ရမ်းကားတိုက်ခိုက်မှုများ ရှိခဲ့သည့်နောက် ရှပ်ရိုင်ဂျင်ကို ပြင်သစ်က ပထမအကြိမ် နယ်နှင်ခဲ့သည်။ သို့သော် ၎င်းက စပိန်တွင် လေယာဉ်ပေါ်မှဆင်းပြီး ပါရီသို့ နောက်တစ်ခေါက် ပြန်လာခဲ့ခြင်း ဖြစ်သည်။
၎င်းကို ရုရှားနှင့် ဝေးလ်စ်တို့ ယှဉ်ပြိုင်ကစားသည့် ပွဲစဉ်အတွင်း တူးလော့စ်မြို့တွင် ဖမ်းမိပြီးနောက် ဒုတိယအကြိမ် နယ်နှင်ခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် လက်ယာစွန်း အမြင်ရှိသူ တစ်ဦးအဖြစ် ကျော်ကြားပြီး ၎င်းဦးဆောင်သည့် All-Russia ပရိသတ် အဖွဲ့သည် ရုရှားအစိုးရ၏ ကျောထောက်နောက်ခံ ပြုမှုကို ရရှိထားသည်ဟု သတင်းများလည်း ထွက်ပေါ်နေသည်။
ရှပ်ရိုင်ဂျင် အနေဖြင့် ဝေးလ်စ်နှင့်ပွဲအမီ မည်သို့မည်ပုံ ပြန်လာနိုင်သည် ဆိုခြင်းကိုမူ ပြင်သစ် အာဏာပိုင်များက လိုက်လံ စုံစမ်းနေသည်။ တာဝန်ရှိသူ တစ်ဦးကမူ ရှပ်ရိုင်ဂျင်သည် ဘာစီလိုနာတွင် လေယာဉ်ရပ်စဉ် ဆင်းခဲ့ပြီး ကားဖြင့် ပြင်သစ်နယ်ခြားကို ဖြတ်ကျော်ဝင်ရောက်ကာ တူးလော့စ်တွင် ရုရှားနှင့် ဝေးလ်စ်တို့ ပွဲစဉ်ကို လာရောက် အားပေးခဲ့ခြင်း ဖြစ်မည်ဟု ပြောကြားခဲ့သည်။ ထိုပွဲတွင် ရုရှားက ၃-၀ ဖြင့် အရေးနိမ့်ပြီး အုပ်စုအဆင့်မှပင် ထွက်ခွာခဲ့ရသည်။
Credit To >>> 7 Day Daily
0 comments:
Post a Comment