
ကမ္ဘာ့ကုန်သွယ်ရေး ကျဆင်းနေမှုကြောင့် ပြည်တွင်းဝယ်လိုအား ထိခိုက်နိုင်သဖြင့် တရုတ်နှင့် ဂျပန်စီးပွားရေးသည် ယခုနှစ်နှင့် ၂၀၁၇ ခုနှစ်တွင် သိသိသာသာ နှေးကွေးနိုင်ကြောင်း အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က မေ ၃ ရက်တွင် သတိပေးခဲ့သည်။
သို့သော်လည်း အာရှစီးပွားရေးတိုး တက်မှုသည် ဆက်လက်ကောင်းမွန်နေမည်ဟု IMF က ပြောကြားခဲ့သည်။ အစိုးရများက စီးပွားရေးလှုံ့ဆော် အစီအစဉ်များ ဆောင်ရွက်မှု၊ ကုန်စည်ဈေးနှုန်းကျဆင်းမှု၊ အလုပ်လက်မဲ့ နိမ့်ကျမှုတို့က အာရှ၏ ဒေသတွင်းစီးပွားရေး တိုးတက်မှုကို ဆက်လက်တွန်းအားပေး နေမည်ဖြစ်ကြောင်း IMF က ပြောကြားခဲ့ပြီး အာရှခေါင်းဆောင်များကို ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရန် တိုက်တွန်းခဲ့သည်။
အာရှပစိဖိတ်စီးပွားရေး တိုးတက်မှု မျှော်မှန်းချက် အစီရင်ခံစာတွင် စီးပွားရေး ဖွံ့ဖြိုးပြီးနိုင်ငံများ၌ တိုးတက်မှု ကျဆင်းနေမှု၊ ကမ္ဘာ့ကုန်သွယ်ရေး ကျဆင်းမှု၊ ကမ္ဘာ့ဘဏ္ဍာရေးဈေးကွက် မတည်ငြိမ်မှုကြောင့် အာရှနိုင်ငံများသည် ပြင်ပစိန်ခေါ်မှုများကို ရင်ဆိုင်ရနိုင်ကြောင်း IMF က သတိပေးခဲ့သည်။
ကမ္ဘာ့ဈေးကွက် မတည်မငြိမ် ရှိနေသည့်အပြင် ဇန်န၀ါရီနှင့် ဖေဖော်ဝါရီတွင် တရုတ်စီးပွားရေး တိုးတက်မှုကို စိုးရိမ်မှုနှင့် ရေနံဈေးနှုန်းများ ထိုးကျမှုတို့ကြောင့် အာရှစီးပွားရေးသည် မတ်လနောက်ပိုင်းတွင် အနည်းငယ်သာ ပြန်လည် တိုးတက်ခဲ့သည်။ ယခုနှစ်တွင် အာရှစီးပွားရေး ၅ ဒသမ ၃ ရာခိုင်နှုန်း တိုးတက်နိုင်ပြီး လာမည့်နှစ်တွင် ၅ ဒသမ ၄ ရာခိုင်နှုန်း တိုးတက်မည်ဟု IMF က ခန့်မှန်းခဲ့သည်။ ကမ္ဘာ့စီးပွားရေး တိုးတက်မှုအတွက် အဓိကတွန်းအားဖြစ်ပြီး ကမ္ဘာ့ဒုတိယ အကြီးဆုံး စီးပွားရေးဖြစ်သော တရုတ်တွင် ယခုနှစ်၌ ၆ ဒသမ ၅ ရာခိုင်နှုန်း တိုးတက်နိုင်ပြီး ၂၀၁၇ ခုနှစ်တွင် ၆ ဒသမ ၂ ရာခိုင်နှုန်း တိုးတက်မည်ဟု IMF က ခန့်မှန်းခဲ့သည်။
တရုတ်ခေါင်းဆောင်များသည် အစိုးရ၏ ရင်းနှီးမြှုပ်နှံမှုနှင့် ပို့ကုန်ကို မှီခိုသော စီးပွားရေးတိုးတက်မှု ပုံစံအစား ပြည်တွင်းစားသုံးမှု လွှမ်းမိုးသော စီးပွားရေး ပုံစံကို ပြောင်းလဲရန် ကြိုးပမ်းနေကြောင်း IMF က ပြောကြားခဲ့သည်။ တရုတ်နှင့် ကုန်သွယ်ရေး အားကောင်းသော နိုင်ငံများသည် တရုတ်စီးပွားရေး ရိုက်ခတ်မှုကို ခံစားခဲ့ရကြောင်း IMF ၏ အာရှပစိဖိတ်ဌာနဒါရိုက်တာ ဟီးချန်းယောင်က ပြောကြားခဲ့သည်။
ထို့ပြင် ဒေါ်လာနှင့် လဲလှယ်ရာတွင် ဂျပန်ယန်းငွေ၏တန်ဖိုး ခိုင်မာနေမှုကြောင့် ပို့ကုန်တင်ပို့သူများ အထိနာမည် ဖြစ်ကြောင်း IMF က သတိပေးခဲ့သည်။ ၂၀၁၆ ခုနှစ်တွင် ဂျပန်စီးပွားရေးသည် ၀ ဒသမ ၅ ရာခိုင်နှုန်း တိုးတက်ပြီး လာမည့်နှစ်တွင် စားသုံးသူအခွန် တိုးမြှင့်ကောက်ခံဖွယ် ရှိမှုကြောင့် ဂျပန်စီးပွားရေး ၀ ဒသမ ၁ ရာခိုင်နှုန်း ကျုံ့သွားမည်ဟု IMF က ခန့်မှန်းထားသည်။
ရေနံဈေးနှုန်း ကျဆင်းနေမှု၊ အစိုးရ၏ ရင်းနှီးမြှုပ်နှံမှု၊ ပြည်တွင်းစားသုံးမှု အားကောင်းနေမှုတို့ကြောင့် အိန္ဒိယစီးပွားရေးသည် ယခုနှစ်နှင့် လာမည့်နှစ်တွင် ၇ ဒသမ ၅ ရာခိုင်နှုန်း တိုးတက်မည်ဟု IMF စီရင်ခံစာက ခန့်မှန်းခဲ့သည်။ တောင်ကိုရီးယားတွင် ယခုနှစ်၌ စီးပွားရေး ၂ ဒသမ ၇ ရာခိုင်နှုန်း တိုးတက်ပြီး ၂၀၁၇ ခုနှစ်တွင် ၂ ဒသမ ၉ ရာ ခိုင်နှုန်း တိုးတက်မည်ဟု ယင်းအစီရင်ခံစာက ဟောကိန်းထုတ်ခဲ့သည်။
Credit To >>> Eleven Media Group
0 comments:
Post a Comment