Wednesday, May 4, 2016

တပ်မတော်နှင့် AA လက်နက်ကိုင်အဖွဲ့တို့ အကြား တိုက်ပွဲများ ချက်ချင်းရပ်စဲပြီး AA လက်နက်ကိုင်အဖွဲ့ကို နိုင်ငံရေးဆွေးနွေးပွဲသို့ ဖိတ်ခေါ်သင့်ကြောင်း အရေးကြီးအဆိုအား တိုင်းရင်းသားပါတီ ကိုယ်စားလှယ်များက ထောက်ခံဆွေးနွေးပြီး NLD လွှတ်တော်ကိုယ်စားလှယ်က လွှတ်တော်၌သာ မှတ်တမ်းတင်ထားရှိရန် ဆွေးနွေး

တပ်မတော်နှင့် AA လက်နက်ကိုင် အဖွဲ့တို့ အကြား ရခိုင်ပြည်နယ်အတွင်း ပြန်လည်ဖြစ်ပွားနေသည့် တိုက်ပွဲများကို ချက်ချင်းရပ်စဲပြီး AA လက်နက်ကိုင်အဖွဲ့ကို နိုင်ငံရေးအရ ဆွေးနွေးပွဲသို့ ဖိတ်ခေါ်သင့်ကြောင်း ပြည်ထောင်စုအစိုးရ အဖွဲ့အား တိုက်တွန်းသည့် အရေးကြီး အဆိုအား တိုင်းရင်းသားပါတီ ကိုယ်စားလှယ်များက ထောက်ခံဆွေးနွေးကြပြီး NLD ပါတီဝင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်နော်လှလှစိုးက လွှတ်တော်၌သာ မှတ်တမ်းတင်ထားရှိရန် ဆွေးနွေးပြောကြားသည်။

အဆိုပါ အရေးကြီးအဆိုအား ရခိုင်အမျိုးသားပါတီဝင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝေစိန်အောင်က မေ ၂ ရက်က ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် တင်သွင်းခဲ့ခြင်းဖြစ်ပြီး အဆိုအား လက်ခံဆွေးနွေးရန် လွှတ်တော် ကိုယ်စားလှယ်အများစုက သဘောတူခဲ့သဖြင့် မေ ၃ ရက်တွင် ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် အဆိုအပေါ် ဆွေးနွေးမှုများ စတင်ခဲ့ခြင်းဖြစ်သည်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ မွန်အမျိုးသားပါတီ၊ ရခိုင်အမျိုးသား ပါတီတို့မှ လွှတ်တော်ကိုယ်စားလှယ် သုံးဦးက အရေးကြီး အဆိုအား အတည်ပြုရန် ထောက်ခံဆွေးနွေးခဲ့သည်။
မွန်အမျိုးသားပါတီမှ ဦးနိုင်သီဟက “ဒီအဆိုနဲ့ပတ်သက်ပြီး ထောက်ခံဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံအတွက် အခုအချိန်မှာ အလိုအပ်ဆုံးသောအရာ အမျိုးသားပြန်လည် သင့်မြတ်ရေးပဲ ဖြစ်ပါတယ်။ တိုင်းရင်းသားရာစုနှစ် ထက်ဝက်ကျော် တောင်းဆိုလာခဲ့ကြတဲ့ နိုင်ငံရေးကို  နိုင်ငံရေးနည်းနဲ့ ဖြေရှင်းရေးနည်းကို ဦးတည်နေတဲ့ ခြေလှမ်းတစ်ရပ်ဖြစ်တဲ့ နိုင်ငံတော် အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြား ချုပ်ဆိုတဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် NCA ကိစ္စပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ကိစ္စတွေကို လေ့လာကြည့်မယ်ဆိုရင် တိုင်း ရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအားလုံး မပါဝင်နိုင်သေးတာကို တွေ့ရမှာ ဖြစ်ပါတယ်။ NCA မှာ ပါဝင်တဲ့ အချက်တွေအရ ပါဝင်သင့် ပါဝင်ထိုက်သည့် လက်နက်ကိုင် အဖွဲ့အစည်းအားလုံး ငြိမ်းချမ်းရေးဆိုင်ရာ  နိုင်ငံရေးဆွေးနွေးပွဲ စကားဝိုင်းသို့ ဖိတ်ခေါ်သင့်ပါတယ်” ဟု ဆွေးနွေးသည်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဦးစိုင်းဝမ်းလှိုင်းခမ်းက ရခိုင်ပြည်နယ် အပါအ၀င် ကျန်သည့်ပြည်နယ်များတွင်လည်း တိုက်ပွဲများ ဖြစ်ခဲ့သည်မှာ နှစ် ၇၀ ခန့် ရှိပြီဖြစ်ကြောင်း၊ ပြည်တွင်းစစ်သည် လျော့ပါးမသွားဘဲ တိုးလာသည်ဟု သုံးသပ်နိုင်မည် ထင်ကြောင်း၊ ယခုကဲ့သို့ တိုက်ပွဲများ ဖြစ်ပွားနေရခြင်းသည် ပင်လုံစာချုပ်၏ ကတိက၀တ်အတိုင်း ဖြစ်မလာခဲ့ခြင်းကြောင့် ဖြစ်ကြောင်း၊ နိုင်ငံရေး ပြဿနာအား နိုင်ငံရေး စကားဝိုင်းတွင် ဆွေးနွေးအဖြေရှာနိုင်ခြင်း မရှိခဲ့သည့်အတွက် တိုက်ပွဲများ ဖြစ်ပွားနေရခြင်းဖြစ်ကြောင်း ဆွေးနွေးသည်။
ထို့ပြင် ပင်လုံစာချုပ်၏ အနှစ်သာရဖြစ်သည့် တိုင်းရင်းသားပြည်သူများ လိုလားတောင့်တသည့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်တရားစီရင်ခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် အပြည့်အ၀ရှိသည့် ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်နိုင်မှသာ ပြည်တွင်းစစ် ချုပ်ငြိမ်းနိုင်မည်ဖြစ်ကြောင်း၊ လက်နက်ကိုင် အဖွဲ့အားလုံး ပါဝင်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ကျင်းပစေလိုကြောင်း ဦးစိုင်းဝမ်းလှိုင်းခမ်းက ဆွေးနွေးသည်။
ရခိုင်အမျိုးသားပါတီမှ ဦးခင်မောင်လတ်က “ငြိမ်းချမ်းရေးကို ဦးတည်ပြီးတော့ ဒီအဆိုကို ထောက်ခံသွားမှာ ဖြစ်ပါတယ်။ တိုက်ပွဲတစ်ခုဖြစ်ရင် ပထမဆုံး ဆုံးရှုံးတာက ပြည်သူတွေလို့ ဆိုပါတယ်။ ငြိမ်းချမ်းရေးကို အမြန်ရရှိဖို့ လိုအပ်နေပါတယ်။ စစ်ပွဲတွေရပ်ဖို့ ဖြစ်တဲ့နည်းနဲ့ ကြိုးစားရမှာ ဖြစ်ပါတယ်။ လောလောဆယ် စစ်ရှောင်ဒုက္ခသည် ၁၅၀၀ လောက် ရှိနေပါတယ်။ တဖြည်းဖြည်းလည်း တိုးလာနေပါတယ်။ စစ်ဘေးလွတ်တဲ့ ကျေးရွာတွေရဲ့ စာသင်ကျောင်းတွေမှာ နေနေရပါတယ်။ ဒုက္ခရောက်နေကြပါတယ်။ ဒုက္ခသည်တွေ အဓိက ကြောက်နေကြတာက ပေါ်တာဆွဲခံရမှာကို ကြောက်နေကြပါတယ်။ေ ပ်ါတာတွေဟာ လက်နက်၊ ရိက္ခာနဲ့ စစ်လက်နက်တွေကို မနိုင်တနိုင် ထမ်းနေရပါတယ်။ ရွာတစ်ရွာမှာ နှစ်ဦးသုံးဦး ပေါ်တာဆွဲခံရပြီဆိုရင် သူတို့အတွက် တစ်ရွာလုံးက စိုးရိမ်ပူပန်နေကြပါတယ်။ အခုတိုက်ပွဲတွေ အတွင်းမှာ အတင်းအကျပ် ပေါ်တာဆွဲခံရသူ ၂၀ လောက် ရှိပါတယ်။ သူတို့ပြောပြတဲ့ ဗီဒီယိုအသံဖိုင်တွေလည်း အများကြီး ရှိပါတယ်။ ကျွန်တော်လည်း စစ်ဘေးရှောင် ဒုက္ခသည်စခန်းကိုသွားပြီး သူတို့နဲ့တွေ့ဆုံ ခဲ့ပါတယ်။ အဲဒီရွာသားတွေက ပေါ်တာဆွဲခံရတယ်ဆိုတာ အထောက်အထား သက်သေတွေပါပဲ။ အချို့ရွာတွေဆိုရင် ရွာသားအချင်းချင်း ဘယ်သူက ပေါ်တာလိုက်သွားပြီး ခွဲတမ်းချတာတွေ ရှိပါတယ်။ လွှတ်တော်ကြီးက ကြားနာမယ်ဆိုရင် သူတို့ကို ခေါ်ပေးလို့ရပါတယ်။ တိုင်းရင်းသား အချင်းချင်း ဖြစ်နေတဲ့စစ်ပွဲကို နိုင်ငံရေးစားပွဲဝိုင်းမှာ ဆွေးနွေးဖြေရှင်းလို့ မရနိုင်စရာ မရှိပါဘူး” ဟု ဆွေးနွေးသည်။
အလားတူ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်နှစ်ဦးက အရေးကြီးအဆိုအပေါ် ဆွေးနွေးရာတွင် ကြားနေသဘော ဆွေးနွေးခဲ့သည်။
ပြည်ခိုင်ဖြိုးပါတီဝင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းစံအောင်က တစ်ဖက်နိုင်ငံတွင် ခိုအောင်းနေပြီး ရခိုင်ပြည်နယ်သို့ ၀င်ရောက်ရန် ကြိုးစားနေသည့် ဘာသာရေး အစွန်းရောက် လက်နက်ကိုင်များ၏ အခြေအနေနှင့် လက်နက်ကိုင်အဖွဲ့အား အသိအမှတ်ပြုပါက နောက်ဆက်တွဲ မည်သို့ဖြစ်ပေါ်လာမည်ကို တွက်ဆရန်လိုကြောင်းနှင့် တိုက်ပွဲများ အမြန်ဆုံးရပ်စဲရန်အတွက် မှန်ကန်သော ရည်ရွယ်ချက်ဖြင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် တွေ့ဆုံဆွေးနွေး အဖြေရှာသင့်ကြောင်း ဆွေးနွေးပြောကြားသည်။
NLD ပါတီဝင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်နော်လှလှစိုးက မိမိတို့နိုင်ငံသား မည်သူမဆို ငြိမ်းချမ်းရေးကို လိုလားပါကြောင်း၊ စစ်မက်ဖြစ်ပွားမှုကို ဘယ်သူမှ မလိုလားဘဲ အထူးသဖြင့် တိုင်းရင်းသား ညီအစ်ကိုမောင်နှမ အချင်းချင်း လက်နက်ကိုင်ပြီး တိုက်ပွဲဆင်နွှဲနေရသည်ကို မည်သည့်နိုင်ငံသားမှ နှစ်သက်လိုလားခြင်း မရှိကြောင်း၊ တိုင်းရင်းသား ညီအစ်ကို မောင်နှမ အချင်းချင်းကြား စစ်ပွဲများ၊ တိုက်ပွဲများ ဖြစ်ပွားနေရသည့်အတွက် နိုင်ငံတော်၏ တိုးတက်ဖွံ့ဖြိုးမှုကို အဟန့်အတား ဖြစ်စေကြောင်း၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအတွက် အက်ကြောင်းများ ထင်စေကြောင်း၊ အသက်အိုးအိမ် စည်းစိမ်များ ဆုံးရှုံးရသည့်အတွက် အဖိုးတန်လှသော လူ့စွမ်းအား အရင်းအမြစ် အပါအ၀င် နိုင်ငံ့စွမ်းအားစုများ လေလွင့်ဆုံးရှုံးရကြောင်း ပြောကြားသည်။
“တိုင်းရင်းသား ရင်သွေးငယ်များရဲ့ ပညာရေး၊ မိသားစုများရဲ့ ကျန်းမာရေး၊ မိဘဘိုးဘွားများရဲ့ သယံဇာတ အမွေအနှစ်များ အပါအ၀င်နိုင်ငံသူ၊ နိုင်ငံသားများရဲ့ ပိုင်ဆိုင်မှုများ ဆုံးရှုံးရပါတယ်။ အခွင့်အရေးတွေ ပျောက်ပျက်သွားပါတယ်။ မျှော်လင့်ချက်တွေ ပျောက်ဆုံးခဲ့ရပါတယ်။ အထူးအားဖြင့် လူ့အခွင့်အရေး ဆုံးရှုံးမှုတွေနဲ့ ကြုံတွေ့ခဲ့ရတဲ့အတွက် စစ်မက်ကင်းစင်တဲ့ ပြည်ထောင်စုကြီး အဖြစ်သာ အေးအတူပူအမျှ လက်တွဲနေထိုင်သွားကြဖို့ ကျွန်မတို့ ပြည်သူတိုင်းမှာ ဆန္ဒရှိကြပါတယ” ဟု ဒေါ်နော်လှလှစိုးက ပြောကြားသည်။
ထို့ပြင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် လူထုခေါင်းဆောင်ကိုယ်တိုင် ဦးဆောင်ပြီး တပ်မတော်မှ အဆင့်မြင့် အရာရှိကြီးများဖြစ်သည့် ဗိုလ်ချုပ်ကြီးများ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများက တိုင်းရင်းသား ခေါင်းဆောင်များ၊ ကိုယ်စားလှယ်တော်ကြီးများ၊ ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ပုဂ္ဂိုလ်ကြီးများစုဝေးပြီး နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာကြမည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကြီးများ မကြာမီကာလများတွင် ပေါ်ပေါက်လာတော့မည်မှာ တိုင်းသိပြည်သိဖြစ်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ၂၁ ရာစု ၏ ပင်လုံညီလာခံ တစ်ရပ်အဖြစ် ဆောင်ရွက်နိုင်ရေးအတွက် အားလုံးက ၀ိုင်းဝန်းကူညီပေးကြရန် ဖိတ်ခေါ်ကမ်းလှမ်း ခဲ့ပြီးဖြစ်ကြောင်း ဒေါ်နော်လှလှစိုးက ဆွေးနွေးပြောကြားသည်။
“ငြိမ်းချမ်းရေးကို ပြည်သူတစ်ရပ်လုံးက လိုလားပါတယ်။ တိုင်းရင်းသား ညီအစ်ကို မောင်နှမအချင်းချင်း စစ်ခင်းနေရတဲ့ တိုက်ပွဲတွေရပ်စဲဖို့ကိုလည်း ပြည်သူတစ်ရပ်လုံးက ဆန္ဒရှိပါတယ်။ ဒါကြောင့်မို့လို့ နိုင်ငံတစ်ဝန်းလုံးမှာ ငြိမ်းချမ်းရေး လက်တွေ့ကျကျ ဖြစ်ထွန်းစေဖို့အတွက် မကြာမီ ပေါ်ပေါက်လာတော့မယ့် ၂၁ ရာစု ပင်လုံညီလာခံကြီး အောင်မြင်စွာ ကျင်းပဆောင်ရွက်နိုင်ရန်အတွက် ပြည်သူတစ်ရပ်လုံးက ကျရာအခန်းကဏ္ဍကနေ ပါဝင်ဆောင်ရွက်ဖို့ အဆင်သင့်ရှိနေပြီ ဖြစ်တဲ့အတွက် ယခုတင်သွင်းတဲ့ အရေးကြီး အဆိုကို နိုင်ငံတစ်ဝန်းလုံးက တိုင်းရင်းသား ပြည်သူများနဲ့ သက်ဆိုင်မှု၊ ပါဝင်ဆောင်ရွက်နိုင်မှု အခြေအနေများအပေါ် အလေးအနက် သုံးသပ်ပြီး လွှတ်တော်တွင် မှတ်တမ်းတင် ထားရှိသင့်ကြောင်း လေးစားစွာတင်ပြ ဆွေးနွေးအပ်ပါတယ်” ဟု ဒေါ်နော်လှလှစိုးက ပြောကြားသည်။
အရေးကြီးအဆို တစ်ရပ်အား လွှတ်တော်၌ ဆွေးနွေးပြီး အတည်ပြုကြောင်း ဆုံးဖြတ်မှသာ အစိုးရအဖွဲ့ အနေဖြင့် လိုက်နာဆောင်ရွက်ရခြင်းဖြစ်ပြီး အဆိုအား မှတ်တမ်းတင်ခြင်း (သို့မဟုတ်) အတည်မပြုပါက အစိုးရအဖွဲ့အနေဖြင့် လိုက်နာဆောင်ရွက်ရန် မလိုပေ။
အဆိုပါ အရေးကြီးအဆိုအား လွှတ်တော်ကိုယ်စားလှယ် ခြောက်ဦးဆွေးနွေး အပြီးတွင် အစည်းအဝေးအား ရပ်ဆိုင်းခဲ့ပြီး ဆွေးနွေးရန် ကျန်ရှိသည့် လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်ထောင်စု အဖွဲ့အစည်းဝင်က အဆိုအပေါ် ပြန်လည်ရှင်းလင်း ဆွေးနွေးခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်းအား ဆက်လက် ဆောင်ရွက်မည့် နေ့ရက်နှင့် အချိန်တို့ကို ကြိုတင်အသိပေးမည် ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ကြေညာခဲ့သည်။
Credit To >>> Eleven Media Group

0 comments:

Post a Comment