မြိုင်ကြီးငူဆရာတော် က ကရင်ပြည်နယ်ရှိ ခရစ်ယာန် နှင့် အစ္စလာမ်ဘာသာရေးကျောင်း အချို့အနီး စေတီများ လိုက်လံ တည်နေသည့် ကိစ္စတွင် လက် နက်ကိုင်အဖွဲ့ နှစ်ဖွဲ့ အနည်းငယ် ပါဝင်ပတ်သက်နေသောကြောင့် အပူတပြင်း ဖြေရှင်းပါက ငြိမ်းချမ်း ရေးကို ထိခိုက်နိုင်၍ အချိန်ယူ သည်းခံဖြေရှင်းကြရန် လိုကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန် ကြီး သူရဦးအောင်ကိုက ပြော ကြားသည်။
‘‘လတ်တလော ဒါသည် အပူတပြင်း ဖြေရှင်းလိုက်လို့ရှိရင် နှစ်ဖက် လက်နက်ကိုင်အဖွဲ့ကလည်း အဲဒီမှာ နည်းနည်းလေးပေါ့ ပါဝင်ပတ်သက်နေကြတဲ့အခါကျတော့ ရှေ့ဆက်ရမယ့် အမျိုးသားပြန် လည်သင့်မြတ်ရေးနဲ့ ပြည်တွင်း ပြန်လည် ငြိမ်းချမ်းရေးကိုလည်း အတိုင်းအတာတစ်ခုထိ အထိအ ခိုက်အနှောင့်အယှက်ဖြစ်သွားနိုင် ပါတယ်။ ဒါကြောင့်မို့ ဒါကို လောလောဆယ် သည်းခံဆိုင်းငံ့ပြီး တော့မှ အချိန်တစ်ခု စောင့်ဆိုင်း ပြီးတော့မှ ဖြေရှင်းဖို့ လိုပါတယ်’’ ဟု မေလ ၄ ရက် နံနက်က မန္တလေးမြို့ Oriental House တွင်သူရဦးအောင်ကိုနှင့် ဘာသာပေါင်းစုံချစ်ကြည်ရေးအဖွဲ့ တွေ့ဆုံပွဲအပြီး သတင်းထောက်များ၏ မေးမြန်းမှုကို ဖြေကြားခဲ့ခြင်းဖြစ်သည်။
မြိုင်ကြီးငူ ဆရာတော် စေ တီများ လိုက်လံ တည်နေခြင်းနှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီး က မီဒီယာများသို့ပထမဆုံးပြောကြားခဲ့ခြင်းဖြစ်သည်။
ကရင်ပြည်နယ်တွင်း ဖြစ်ပွားခဲ့သော ယင်းပြဿနာကို ကရင် ပြည်နယ် သံဃနာယက အဆင့် ဆင့်ထံ တင်ပြပြီး သံဃနာယက အဖွဲ့၏ဆုံးဖြတ်ချက်(ဓမ္မစက်) ဖြင့် ဆောင်ရွက်ရမည်ဖြစ်ကာ ပြည်နယ်အစိုးရက အာဏာစက်ဖြင့် အကောင်အထည်ဖော် ဆောင် ရွက်ရမည်ဖြစ်ကြောင်း ဝန်ကြီးက ပြောကြားခဲ့သည်။ ထို့အပြင် အဆိုပါပြဿနာတွင် မြေပိုင်ဆိုင်မှုနှင့် ပတ်သက်၍ အောက်ခြေ၌ အငြင်းပွားမှုအချို့လည်း အသံထွက် နေကြောင်း ဝန်ကြီးက ဆိုသည်။
အဆိုပါပြောကြားချက်နှင့်ပတ်သက်၍ မြန်မာနိုင်ငံ ခရစ်ယာန်လုပ်ငန်း အဖွဲ့အစည်းနှင့် ဘားအံကက်သလစ် ဂိုဏ်းအုပ်ဆရာတော် စောစတိုင်လိုက‘‘တစ်အချက်က ဒီနေရာမှာ ခရစ်ယာန်မြေနဲ့ သိပ်မဆိုင်ဘူး။ အရှုပ်အရှင်းရှိတယ်ဆိုတဲ့ အကြောင်း၊ နှစ်အချက်က လက်နက်ကိုင်နှစ်ဖွဲ့က ရန်ဖြစ်မယ်။ အကယ်၍ ဒီကြားမှာ လောလောလတ်လတ် ဖြေရှင်းမယ်ဆိုရင် လက်နက်ကိုင်နှစ်ဖွဲ့က တိုက်ပွဲဖြစ်နိုင်တယ်ဆိုတဲ့ အကြောင်း၊ အဲဒါကို ကျွန်တော်တို့အနေနဲ့ ကန့်ကွက်ပါတယ်။ သေချာသိချင်ရင် ကျွန်တော်တို့ကိုလာမေးလို့ရပါတယ်’’ဟု ပြောကြားသည်။
မြေပိုင်ဆိုင်မှုနှင့် ပတ်သက် ၍လည်း ဆရာတော်စောစတိုင်လို က လှိုင်းဘွဲ့မြို့နယ် မြေစာရင်းဦးစီးရုံးတွင် ခရစ်ယာန်ဘုရားကျောင်းဝင်းအဖြစ် ပိုင်ဆိုင်မှုအထောက်အထားရှိပြီး ဘုရားကျောင်းကို ၁၉၆၃ ဧပြီ ၁၂ ရက်က တည်ထားခဲ့ခြင်းဖြစ်သည်ဟု ပြောသည်။
သူရဦးအောင်ကို ပြောဆိုသွားသည့် လက်နက်ကိုင် နှစ်ဖွဲ့ ဆိုသည်မှာ ရှင်းရှင်းလင်းလင်း ပြောဆိုသွားခြင်းမရှိဘဲ ကရင်တိုင်းရင်း သားလက်နက်ကိုင် အဖွဲ့ အားလုံးမှာမူ ချစ်ခင်စည်းလုံးစွာရှိ နေကြောင်း ဆရာတော် စောစ တိုင်လိုက ဆိုသည်။
မြိုင်ကြီးငူဆရာတော်သည် ဧပြီလမှစ၍လှိုင်းဘွဲမြို့နယ် ကွမ်းတောကျေးရွာ ရှင်မာကုအင်္ဂလီကန် ဘုရားကျောင်းဝင်းအတွင်း စေတီတစ်ဆူ၊ ရွှေဂွန်းကျေးရွာရှိ မရ်ကဇ်ဗလီ အစ္စလာမ်ဝတ်ပြု ကျောင်းနှင့် ကပ်လျက်လမ်းကြား၌ စေတီတစ်ဆူ တည်ခဲ့သည်။ ထို့အပြင် ရှင်မာကုအင်္ဂလီကန်ဘုရားကျောင်းဝင်းအတွင်း စေတီတစ်ဆူထပ်မံတည်ခဲ့သည်။
သာသနာရေး ဝန်ကြီးဌာနက ကန့်ကွက်သည့်ကြားမှ စေတီများ တည်နေသော မြိုင်ကြီးငူဆရာ တော်သည် အစိုးရအဖွဲ့ကို အတွေ့မခံသောကြောင့် လက်နက်ကိုင်ခေါင်းဆောင်များမှတစ်ဆင့် တွေ့နိုင်ရန် ကြိုးစားနေကြောင်း ကရင်ပြည်နယ်သာသနာရေးဝန်ကြီးဦးမင်းတင်ဝင်းက ပြောသည်။
မေလ ၄ ရက် နံနက်ပိုင်းက သာသနာရေးနှင့် ယဉ်ကျေးမှု ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုသည် မန္တလေးမြို့ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့နှင့်တွေ့ဆုံခဲ့ပြီး ဘာသာရေး၊ လူမျိုးရေးပြဿနာဖန်တီးပြီး နိုင်ငံရေးအမြတ်ထုတ်မှုများကို သတိထားရှောင်ရှားကြရန်လည်း ဝန်ကြီးက သတိပေးမှာကြားခဲ့သည်။
Credit To >>> 7 Day Daily
0 comments:
Post a Comment