Thursday, May 5, 2016

အေးရှားဝေါလ် ကုမ္ပဏီ၏ လောဘကြောင့် လေကြောင်းလိုင်းများနှင့် ခရီးသည်များ အခက်တွေ့

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အပါအ၀င် မြန်မာနိုင်ငံ၏ အထင်ကရ လေယာဉ်ကွင်းများကို နှစ်ရှည် လုပ်ပိုင်ခွင့်ရထားသော အေးရှားဝေါလ် ကုမ္ပဏီက လေဆိပ်တွင် အခွန်ခများကို ဈေးတင်လိုက်သဖြင့် လေကြောင်းလိုင်းများ အခက်တွေ့နေရကြောင်း သတင်းရရှိသည်။

လေကြောင်း လိုင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက “လေဆိပ်အခွန် (Airpotr Tax)ကို အရင် ပြည်တွင်း ခရီးသွား တစ်ယောက်ကို ကျပ်နှစ်ထောင် ယူတာကနေ ဇူလိုင်ကစပြီး ကျပ် ၃၀၀၀ ယူမယ်။ နိုင်ငံခြား ခရီးသွား တစ်ယောက်ကို အမေရိကန် ၁၅ဒေါ်လာ ကနေ ဒေါ်လာ ၂၀ တိုးယူမယ်။ ဒီတော့ ပြည်တွင်း လေယာဉ်စီး ခရီးသွား တစ်ယောက်အတွက် ၃၀ ရာခိုင်နှုန်းကျော် တိုးကောက်လိုက်သလို ပြည်ပခရီးသွား တစ်ယောက်အတွက် ၂၅ ရာခိုင်နှုန်း တိုးကောက်လိုက်တာ ဖြစ်တယ်။ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်မှာတင် တစ်နှစ်ကို ပြည်ပခရီးသွား ငါးသိန်းလောက် ၀င်ထွက်နေတော့ ဒီလေဆိပ် တစ်ခုတည်းကတင် အေးရှားဝေါလ်က လေဆိပ်အခွန် ဒေါ်လာ ၁၀ သန်းလောက် ရနေတယ်။ ဒီလိုပဲ ပြည်တွင်း ခရီးသွားတွေကလည်း ရန်ကုန်လေဆိပ်မှာတင် တစ်နှစ် တစ်သန်းလောက် ရှိတော့ တစ်နှစ်ကို လေဆိပ်အခွန်တင် ကျပ်သန်း ၁၅၀၀လောက် ယူနေတယ်။ လေကြောင်းလိုင်းတွေက အပြိုင်အဆိုင်များတော့ ဈေးထပ်တင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဒီတော့ လေယာဉ် လက်မှတ်ခထဲကပဲ သူ့ကို ဖဲ့ပေးနေရတာပေါ့”ဟု ပြောသည်။
ထို့အပြင် ဆောက်လုပ်ရေး လုပ်ငန်း လက်စမသတ်သေးသည့် ရန်ကုန် လေဆိပ်ခန်းမ အမှတ်တစ် (Temimal-1)ကိုလည်း ယခင် ဦးသိန်းစိန် အစိုးရ သက်တမ်းတွင်း အဖွင့်ပြပြီး မြန်မာအမျိုးသား လေကြောင်းလိုင်းကို ဖိအားပေး ရွှေ့ပြောင်းစေသဖြင့် ခရီးသွားများ အဆင်မပြေသည့် အချက်မှာလည်း ဖေ့စ်ဘွတ်ပေါ်တွင် လူပြောများသည့် အဖြစ်အပျက်တစ်ခု ဖြစ်နေသည်။ ဆိုက်ရောက် ခရီးသည်များမှာ မည်သည့်လေဆိပ်တွင်မှ အိတ်စ်ရေးစက်အတွင်း သယ်ဆောင်လာသည့် လက်ဆွဲအိတ်များ အားလုံးမထည့်ရဘဲ ရန်ကုန် လေဆိပ်တွင် တစ်မူထူးပြီး ထည့်နေရခြင်းကိုလည်း ခရီးသွားများ မကျေနပ်ဟု သိရသည်။
အေးရှားဝေါလ် ကုမ္ပဏီပိုင်ရှင် တရုတ်လူမျိုး ဦးထွန်းမြင့်နိုင်သည် စစ်အစိုးရ လက်ထက်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေ မိသားစု၊ အတွင်းရေးမှူး(၁)နှင့် ဦးသိန်းစိန် အစိုးရ လက်ထက် ဒုတိယ သမ္မတ (၁)ဖြစ်သူ ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦးတို့နှင့် နီးကပ်သော ဆက်ဆံရေးရှိပြီး မြန်မာ နိုင်ငံအတွင်းရှိ လေဆိပ်များ၊ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများ၊ ဆောက်လုပ်ရေး လုပ်ငန်းများ၊ လမ်းဖောက်လုပ်ရေး လုပ်ငန်းများ၊ လျှပ်စစ်ဓာတ်အား လုပ်ငန်းများ အပါအ၀င် စီးပွားရေး လုပ်ငန်းကြီးများကို နှစ်ရှည် လက်ဝါးကြီးအုပ် လုပ်ကိုင်ခွင့် ရထားသည်။ ကမ်းနားလမ်းနှင့် အပြိုင် ကွန်တိန်နာလမ်း ဖောက်လုပ်ခွင့်ကို ဦးတင်အောင်မြင့်ဦးက ခွင့်ပြုပေးခဲ့ပြီး ဖြတ်သန်းခ အဆမတန် ကောက်ယူနေသည့် ကိစ္စဖြစ်မှာ ပြည်သူအများ ဝေဖန်နေသည့် လုပ်ငန်း ဖြစ်သော်လည်း တာဝန်ရှိသူ အားလုံးက နှာစေးနေကြသည်။ ထို့အပြင် မြန်မာနိုင်ငံ အာဆီယံ ဥက္ကဋ္ဌ ဖြစ်ချိန်တွင် အထပ်မြင့် အဆောက်အအုံများ မရှိသဖြင့် တိုင်းပြည် သိက္ခာကျသည်ဆိုကာ လှည်းတန်းအ၀ိုင်းတွင် နေထိုင်သူများကို ဖယ်ရှားပြီး ၂၁ထပ်တိုက် ဆောက်လုပ်ရန် အေးရှားဝေါလ်ကို တာဝန်ပေးခဲ့သော်လည်း မြေဈေးအိမ်ဈေးများ ကျဆင်းတွင် လှည်းတန်းစင်တာ အမည်ဖြင့် သာမန်အဆောက်အအုံ ဆောက်လုပ်ခဲ့သည့် ကိစ္စကိုလည်း မည်သူကမျှ အရေးယူခဲ့ခြင်း မရှိခဲ့ပေ။ ထို့အပြင် အေးရှားဝေါလ်သည် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ် တည်ဆောက်ခဲ့ပါက သူ နှစ်ရှည် လုပ်ပိုင်ခွင့် ရထားသော ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်တွင် လေယာဉ်နှင့် ခရီးသည် အ၀င်အထွက် နည်းမည်ကို စိုးရိမ်ပြီး နည်းမျိုးစုံဖြင့် နှောင့်နှေးအောင် လုပ်ဆောင်နေသည်ဟု ပြည်သူများကြားတွင်လည်း ဝေဖန်မှုများ ထွက်ပေါ်လျက်ရှိသည့် ကုမ္ပဏီဖြစ်သည်။

ထို့အပြင် နိုင်ငံတကာမှာကဲ့သို့ လေဆိပ်အခွန်ကို လူဝင်မှုကြီးကြပ်ရေး၊ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (DCA) နှင့် အကောက်ခွန် ဦးစီးဌာနများသို့ ခွဲဝေပေးခြင်း ရှိမရှိကိုလည်း မသိရပေ။
Credit To >>>  Tomorrow Journal

0 comments:

Post a Comment