Thursday, May 5, 2016

ရက် ၁ဝဝ စီမံချက်ဖြင့် သုံးရက်အတွင်း အမှုပေါင်း ၄ဝဝ နီးပါး ဖမ်းမိ

ရန်ကုန်တိုင်းဒေသကြီးအတွင်း မလိုလားအပ်သော ပြဿနာများ မဖြစ်ပွားစေရန်နှင့် မှုခင်းကျဆင်းစေရန် ရဲတပ်ဖွဲ့က မေလ ၁ ရက်နေ့မှ စတင်ကာ ရက် ၁ဝဝ စီမံချက်ဖြင့် လုံခြုံရေး အထူးတိုးမြှင့်ဆောင်ရွက်ခဲ့ရာ မေလ ၃ ရက်နေ့အထိ အမှုပေါင်း ၄ဝဝ နီးပါးကို ဖမ်းဆီး အရေးယူနိုင်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

အဆိုပါ ရက် ၁ဝဝ စီမံချက်ဖြင့် ရန်ကုန်တိုင်းဒေသကြီး၏ လုံခြုံရေးကို အထူးတိုးမြှင့်ထားပြီး ၂၄ နာရီပြည့် လုံခြုံရေး ဆောင်ရွက်ခဲ့ကြောင်း၊လူစည်ကားရာ နေရာများတွင် ရဲတပ်ဖွဲ့ဝင်များက လှည့်ကင်း၊ ဝပ်ကင်း၊ ရပ်ကင်းများ၊ အသွင်ယူ စုံစမ်းစစ်ဆေးရေး အဖွဲ့များဖြင့် မှုခင်းကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ သုံးရက်အတွက် အမှုပေါင်း ၃၈ဝ ကို ဖမ်းဆီး အရေးယူနိုင်ခဲ့ကြောင်း၊ ယင်းအပြင် မြို့နယ်အနှံ့တွင် မှုခင်းကျဆင်းရေး အသိပညာပေး ဆွေးနွေးပွဲများကို ဆောင်ရွက်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးလှဝေက ပြောကြားသည်။
အဆိုပါ ဖမ်းဆီးရမိသော အမှုများမှာ လက်နက်ပုန်းမှု၊ လောင်းကစားမှု၊ ယစ်မျိုးမှု၊ ခြေချုပ်ဖောက်ဖျက်မှု၊ မူးယစ်ဆေးဝါးမှု၊ ပြည့်တန်ဆာမှုနှင့် မော်တော်ယာဉ် အက်ဥပဒေအမှုများ အပါအဝင် ပြစ်မှုပေါင်း ၁ဝ မျိုးမှ ဖြစ်ကြောင်း၊ ရက် ၁ဝဝ စီမံချက် အထူးလုံခြုံရေးကို ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ အင်အား ရှစ်ထောင်ကျော်အပြင် အခြားပြည်နယ်နှင့် တိုင်းဒေသကြီး တို့မှ တပ်ဖွဲ့ဝင်များကို ထပ်မံ ဖြည့်တင်းထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။
"ရက် ၁ဝဝ စီမံချက် ဆောင်ရွက်နေစဉ် အချိန်ပြည့် လမ်းပေါ်မှာ ရဲတပ်ဖွဲ့က ရှိနေပြီး ပြည်သူ့လုံခြုံရေးအတွက် ဆောင်ရွက်သွားမှာပါ၊ မြို့ဝင်မြို့ထွက်ဂိတ်တွေကို Mobile Team တွေနဲ့ လှည့်လည် စစ်ဆေးနေပြီး ယာဉ်ကြော ပိတ်ဆို့မှုတွေကို ယာဉ်ထိန်းတပ်ဖွဲ့အင်အားတိုးမြှင့်ပြီး ယာဉ်ကြောရှင်းလင်းရေးတွေ ဆောင်ရွက်နေတယ်၊ မြို့နယ်အနှံ့က စားသောက်ဆိုင်၊ KTV ဆိုင်တွေကိုလည်း သတ်မှတ်ချိန်ထက် ကျော်လွန်ဖွင့်ရင် ဖမ်းဆီး အရေးယူဖို့ ညွှန်ကြားထားတယ်"ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးလှဝေက ပြောကြားသည်။
အဆိုပါ စီမံချက်တွင် မြို့နယ်ရဲတပ်ဖွဲ့နှင့် ရဲတပ်ရင်းများမှ တပ်ဖွဲ့ဝင်များအပြင် ရေကြောင်းရဲတပ်ဖွဲ့၊ လေကြောင်း ရဲတပ်ဖွဲ့၊ သတင်းရဲတပ်ဖွဲ့၊ မူးယစ်တပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး တပ်ဖွဲ့ဝင်များ ပူးပေါင်း ပါဝင်ကာ တပ်ဖွဲ့အလိုက် နယ်မြေများ သတ်မှတ်ပြီး အထူး လုံခြုံရေးတာဝန်များ ဆောင်ရွက်နေကြောင်း၊ ပြည်သူများအနေနှင့် ရဲတပ်ဖွဲ့ထံ သတင်းပေးတိုင်ကြားနိုင်ရန် မြို့နယ်၊ ခရိုင်အလိုက် ရဲတပ်ဖွဲ့မှူးရုံးများ၏ ဖုန်းနံပါတ်များကို ထုတ်ပြန်ပေးထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။
Credit To >>> The Voice Weekly

0 comments:

Post a Comment