Thursday, May 5, 2016

ဒုတိယအကြိမ် အမျိုးသား လွှတ်တော် ပထမပုံမှန် အစည်းအဝေး ၁၉ ရက်မြောက်နေ့ ကျင်းပ

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေး ၁၉ ရက်မြောက်နေ့ ကို ယနေ့နံနက် (၁၀)နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ မြေယာကဏ္ဍ ဆိုင်ရာ မေးခွန်း တစ်ခု မေးမြန်းဖြေကြားခြင်း၊ ပြည်သူ့ကောင်စီ ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်း နှင့်စပ်လျဉ်း၍ ဥပဒေကြမ်း ကော်မတီ၏ အစီရင်ခံစာ ဖတ်ကြားခြင်း၊ ပြည်သူ့ကောင်စီ အဆင့်ဆင့်နှင့် အလုပ် အမှုဆောင်အဖွဲ့ အဆင့်ဆင့်တို့၏ တာဝန်နှင့် လုပ်ပိုင်ခွင့်ဥပဒေကို ရုပ်သိမ်း သည့် ဥပဒေကြမ်းအား အဆိုတင်သွင်းခြင်း၊ ရခိုင် ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁)မှ ဦးဝေစိန်အောင်၏ အရေးကြီးအဆို နှင့်စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်များက ဆက်လက် ဆွေးနွေးခြင်းနှင့် လွှတ်တော်၏ အဆုံး အဖြတ်ရယူ ခြင်းတို့ကို ဆောင်ရွက်ကြသည်။

အစည်းအဝေးတွင် ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးစိုးဝင်း၏ ရန်ကုန် တိုင်းဒေသကြီး လှည်းကူးမြို့နယ် သာယာကုန်းကျေး ရွာနှင့် ကျောက် အိုင်ကျေးရွာအစပ် ရန်ကုန် - နေပြည်တော် အမြန်လမ်းမိုင်တိုင်(၃)နှင့် မိုင်တိုင် (၅) အကြား လမ်းဘေးမြေလွတ်မြေလပ် တွင် ရတနာအောင် ကျေးရွာသစ် စီမံကိန်း၌ အိမ်၊ ခြံမြေကွက် ၀ယ်ယူနေထိုင်ခဲ့ကြသော အိမ်ခြေ(၈၀၀၀)ကျော် အား ကျူးကျော်အဖြစ် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနမှ အင်အားသုံးဖျက်သိမ်း နှင်ထုတ်ခြင်းသည် ဥပဒေနှင့် ညီညွတ်ခြင်း ရှိ၊ မရှိ စိစစ်၍ နစ်နာသူများအား လျော်ကြေး၊ နစ်နာကြေးများပေးရန်နှင့် နေရာ ထိုင်ခင်း စီစဉ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန ပြည်ထောင်စု ၀န်ကြီး ဒေါက်တာ အောင်သူက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာနမှ ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အကူအညီဖြင့် အင်အားသုံးဖျက်သိမ်း နှင်ထုတ်ခြင်းမှာ ဥပဒေလုပ်ထုံး လုပ်နည်းနှင့်အညီ အဆင့်ဆင့် တင်ပြဆောင်ရွက်ခြင်းသာ ဖြစ်ပါကြောင်း၊ ထိုကဲ့သို့ ဖြေရှင်းခြင်း မဆောင်ရွက်မီ ရန်ကုန်မြောက်ပိုင်းခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မှ ကောက်ယူထားသည့် စာရင်းအရ ကျူးကျော်သည့် အိမ်ခြေ အရေအတွက် မှာ မေးခွန်းပါ အိမ်ခြေ ၈၀၀၀ မဟုတ်ဘဲ အိမ်ခြေ ၁၂၈၀ ဖြစ်သည်ကို စိစစ် သိရှိရပါကြောင်း၊ အထက်ပါ ဆုံးရှုံးနစ်နာမှုများသည် ကျူးကျော်သူများက ကျူးကျော် ၀င်ရောက်ခြင်းကြောင့် ဖြစ်ပြီးဌာနနှင့် သက်ဆိုင်ခြင်း မရှိပါကြောင်း၊ ဌာနအနေဖြင့် လျော်ကြေး၊ နစ်နာကြေးနှင့် နေရာထိုင်ခင်းများ စီစဉ် ဆောင် ရွက်ပေးရန် အစီအစဉ် မရှိပါကြောင်း ဖြေကြားသည်။
ထို့နောက် ပြည်သူ့ကောင်စီဥပဒေ (ဥပဒေအမှတ် ၈/၁၉၇၄)ကို ရုပ်သိမ်းသည့် ဥပဒေကြမ်း နှင့်စပ်လျဉ်း၍ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ကော်မတီအဖွဲ့ဝင် ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဦးစိုင်းထွန်းအောင်က ဖတ်ကြား တင်ပြရာ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဥပဒေကြမ်း နှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဦးအောင်ကြည် ညွန့်က ပြည်သူ့ကောင်စီ အဆင့်ဆင့်နှင့် အလုပ်အမှုဆောင်အဖွဲ့ အဆင့်ဆင့် တို့၏ တာဝန်နှင့် လုပ်ပိုင်ခွင့်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်း နှင့်စပ်လျဉ်း ၍ အမျိုးသားလွှတ်တော်သို့ အဆိုတင်သွင်းရာ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်က လက်ခံဆွေးနွေးရန် ဆုံးဖြတ်ကြောင်းနှင့် ဥပဒေကြမ်းကော်မတီ သို့ လွှဲအပ်ကြောင်း ကြေညာသည်။
ယင်းနောက် ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ဦးဝေစိန်အောင်၏ မြန်မာ့ တပ်မတော်နဲ့ AA လက်နက်ကိုင်အဖွဲ့ တို့အကြား ရခိုင်ပြည်နယ်အတွင်း ယခုတလော တစ်ကျော့ပြန် ဖြစ်ပွားနေတဲ့ တိုက်ပွားများကို ချက်ချင်းရပ်စဲပြီး AA လက်နက်ကိုင်အဖွဲ့ကို နိုင်ငံရေးအရဆွေးနွေးပွဲသို့ ဖိတ်ခေါ် သင့်ကြောင်း ပြည်ထောင်စုအစိုးရအား တိုက်တွန်း ကြောင်း အရေးကြီး အဆို နှင့်စပ်လျဉ်း၍ ပါဝင်ဆွေးနွေးမည့် လွှတ်တော်ကိုယ်စားလှယ် (၁၀)ဦး အနက် ကျန်ရှိသည့် လွှတ်တော်ကိုယ်စားလှယ်(၄)ဦးက ဆွေးနွေးခဲ့ကြပြီး ကာကွယ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်း က ပြန်လည်ရှင်းလင်း ဆွေးနွေးသည်။
တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး ရဲနိုင်က AA လက်နက်ကိုင်အဖွဲ့သည် ၂၀၁၂ - ၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံ မြောက်ပိုင်း လဂျန်းယန်ဒေသတွင် ကေအိုင်အေ လက်နက်ကိုင်တပ်ဖွဲ့နှင့် အတူ မြန်မာ့ တပ်မတော် စစ်ကြောင်းများကို တိုက်ခိုက်ခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် နိုင်ငံတော်၏ အုပ်ချုပ်မှုယန္တရား ပျက် သုံးစေရန်ရည်ရွယ်၍ လောက်ကိုင်ဒေသကို MNDAA မှ တိုက်ခိုက်သည့် တိုက်ပွဲကြီးများ တွင် TNLA ၊ MNDAA တို့နှင့်အတူ တပ်ပေါင်းစုအသွင် ပါဝင်တိုက်ခိုက်ပေးခဲ့ပါကြောင်း၊ ထို အဖွဲ့အစည်းများသည် ယခင်အစိုးရအဖွဲ့က ၂၀၁၁ ခုနှစ် သြဂုတ် ၁၈ ရက် ငြိမ်းချမ်းရေး ဖိတ်ခေါ် ပြီးနောက်ပိုင်း အစိုးရအုပ်ချုပ်မှုယန္တရားနှင့် တပ်မတော်စစ်ကြောင်းများ ကို နှောင့် ယှက်တိုက်ခိုက်လာသော တည်ဆဲဥပဒေကို ချိုးဖောက်သည် အဖွဲ့ အစည်းများဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီးသန်းထိုက်က ရခိုင်ပြည်နယ် ၏ ပထ၀ီအနေအထားအရ ပြည်နယ်တိုးတက်ရေးနှင့် လုံခြုံရေး ကို တပ်မတော်နှင့်လက်တွဲ ဆောင်ရွက်ရမည့်အစား ကာ ကွယ်စောင့်ရှောက်ပေးသည့် တပ်မတော်ကို ရန်သူသဖွယ်နှင့် မိမိပြည်နယ်ကို ကာကွယ်ရန် လက်နက်ကိုင်အဖွဲ့အစည်းရှိရန် လိုအပ်သည်ဆိုသော မှားယွင်း သည့် အယူအဆနှင့် တည်ငြိမ်မှုကို ပျက်ပြားအောင်လုပ်သည့် သောင်းကျန်း သူ အဖွဲ့အား နိုင်ငံရေး၊ စစ်ရေး သူရဲကောင်းအဖြစ် ဦးတည်ပုံဖော်နေမှုသည် ဦးတည်ချက် မှားနေခြင်းဖြစ်ကြောင်း၊ စစ်ပွဲများ ချက်ချင်းရပ်ရန် တစ်ဖက်သတ် လုပ်ဆောင်၍ မရဘဲ စစ်ပွဲရပ်စဲအောင်၊ ထာဝရငြိမ်းချမ်းအောင် ဆောင်ရွက်နေ သည့်ဖြစ်စဉ် အသီးသီးတွင် ပြည်ထောင်စုစိတ်ဓာတ်နှင့် တိုင်းရင်းသားပြည်သူ အဆင့်အတန်းအားလုံးက နိုင်ငံတော် တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆိုသည့် ဖြူစင်သန့်ရှင်းသော စိတ်ဓာတ်နှင့် အားလုံး ပူးပေါင်းဆောင်ရွက်ကြ မှသာ စစ်ပွဲမရှိဘဲ ထာဝရငြိမ်းချမ်းသာယာဝပြောသည့် ပြည်ထောင် စုသမ္မတမြန်မာနိုင်ငံတော် အမြန်ဆုံးဖြစ်ပေါ် လာမည်ဖြစ်ကြောင်း ဆွေးနွေး သည်။
ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)မှ ဦးမင်းဦးက ပြည်တွင်း စစ်မီးငြိမ်းပြီး အေးချမ်းတည်ငြိမ်သော ပြည်ထောင်စုတည်ဆောက်နိုင်ရေးသည် သိမ်မွေ့နက်နဲသော အချင်းအရာ ဖြစ်ပါကြောင်း၊ လက်တွေ့ဖြစ်နိုင်သည့် မူဘောင်အတွင်းမှ တည်တံ့ခိုင်မာ သော သဘောတူညီမှုရရှိရေးအတွက် အလေးအနက်ချင့်ချိန် စဉ်းစားဆောင်ရွက်ရမည့် ကိစ္စဖြစ်သည့်အတွက် ယခုအရေးကြီးအဆိုကို လွှတ်တော်မှ မှတ်တမ်းတင်ထားရှိသင့် ပါ ကြောင်း ဆွေးနွေးသည်။
လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်အပေါ် ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးစိန်ဝင်းက တပ်မတော်သည် ပြည်ထောင်စုကြီးကို ကာကွယ်စောင့်ရှောက်ရပြီး ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဒို့တာဝန်အရေး သုံးပါးကို ကာကွယ်စောင့်ရှောက်ရသည့် ပြည်ထောင်စု တပ်မတော် ဖြစ် ပါကြောင်း၊ လူမျိုး တစ်မျိုးတည်းကို ကိုယ်စားပြုသော တပ်မတော် မဟုတ်သည့် အတွက် တပ်မတော်ကို ပြည်ထောင်စုတပ်မတော် သို့မဟုတ် တပ်မတော် ဟု ခေါ်ဝေါ်သုံးစွဲရမည်ဖြစ်ပါကြောင်း၊ AA လက်နက် ကိုင်အဖွဲ့ တိုက်ခိုက်ခြင်း သည် နိုင်ငံတော်ကို လက်နက်စွဲကိုင် တိုက်ခိုက်နေခြင်းဖြစ်ပါကြောင်း ၊ နိုင်ငံတော် ဟုဆိုရာ တွင် နိုင်ငံတော်၏ မဏ္ဍိုင်ကြီး ၃ ရပ်ဖြစ်သည့် သမ္မတဦးထင်ကျော် ခေါင်းဆောင်သည့် အစိုးရအဖွဲ့၊ နာယက မန်းဝင်းခိုင်သန်း ဦးဆောင်သည့် ပြည်ထောင်စုလွှတ်တော်နှင့် လွှတ်တော်များ ၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး ဦးဆောင်သည့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်နှင့် တရားစီရင်ရေးအဖွဲ့များကို လက်နက်စွဲကိုင် တိုက်ခိုက်နေခြင်း ဖြစ်ပါကြောင်း၊ တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၃၃၉ နှင့်အညီ နိုင်ငံတော်ကို ပြည်တွင်းပြည်ပ အန္တရာယ်များမှ ကာကွယ်နေရသူများ ဖြစ်သည့် အတွက် မြေပြင်တွင် နိုင်ငံတော်ကိုယ်စား တွန်းလှန်တိုက်ခိုက်နေရခြင်း ဖြစ်ပါကြောင်း၊ AA လက်နက်ကိုင်အဖွဲ့သည် ဒီမိုကရေစီစနစ်ကို ဆန့်ကျင်တိုက်ခိုက်နေခြင်း ဖြစ်ပါကြောင်း။
ဒီမိုကရေစီစနစ်တွင် ဖြစ်သင့်ဖြစ်ထိုက်သည့် မိမိတို့၏ လိုလားချက်များကို လွှတ်တော် ကိုယ်စားလှယ်များမှ တစ်ဆင့်တင်ပြ ဆောင်ရွက်ခွင့်ရရှိနေ ပြီ ဖြစ်ပါကြောင်း၊ ထို့အပြင် လက်ရှိသမ္မတ ဦးထင်ကျော် ဦးစီးသည့် နိုင်ငံတော် အစိုးရအနေဖြင့်လည်း အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေး တို့ကို ဦးစားပေး ဆောင်ရွက်နေသည်ကို အားလုံး သိရှိထားပြီး ယခုကဲ့ သို့ နိုင်ငံတော်ကို လက်နက်စွဲကိုင်တိုက်ခိုက်ခြင်းသည် မဖြစ်သင့်မဖြစ် ထိုက်သော ကိစ္စတစ်ရပ်သာဖြစ်ပါကြောင်း၊ ထိုသို့ ဒီမိုကရေစီစနစ်ကို လစ်လျူရှုပြီး နိုင်ငံ တော်ကို လက်နက်စွဲကိုင် တိုက်ခိုက်နေသည့် အဖွဲ့အစည်း ကို လွှတ်တော်ကိုယ်စားလှယ်များက လက်ခံ အသိအမှတ်ပြုမည်ဆိုပါက မိမိတို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ အနာဂတ်အရေးသည် ရင်လေးဖွယ်ဖြစ်ပါကြောင်း၊ ဒီမိုကရေစီ နည်းလမ်းအရ ဖြစ်သင့်ဖြစ် ထိုက်သော မိမိတို့ လိုအင်ဆန္ဒများကို လွတ်လွတ်လပ်လပ် တင်ပြခွင့်ရှိပါ လျက် နိုင်ငံတော် အပေါ် ကျေနပ်မှုမရှိတိုင်း လူအုပ်စုတစ်စုက ယခုကဲ့သို့ လက်နက်စွဲကိုင် တိုက်ခိုက်ခြင်းမျိုး ကို အသိအမှတ်ပြုမည်ဆိုပါက နိုင်ငံ၏ ဒီမိုကရေစီအရေးသည် ရတက်မအေးဖွယ် ဖြစ် သည်ကို တွေ့ရမည်ဖြစ် ပါကြောင်း။
ထို့ကြောင့် AA လက်နက်ကိုင်အဖွဲ့ဝင်များကို ယခုလွှတ်တော်မှတစ်ဆင့် အနည်း ငယ် ပြောကြားလိုပါကြောင်း၊ ရခိုင်ပြည်နယ်အတွင်း ကျရောက်ဆဲ၊ ကျရောက်လတ္တံသော အမျိုးသားရေးအန္တရာယ်များကို မျက်ကွယ်ပြုပြီး တစ်နည်းအားဖြင့် မသိကျိုးကျွံပြု၍ တိုင်း ရင်းသားများအရေးကို ဦးစားပေး ကာကွယ်ဆောင်ရွက်နေသည့် ပြည်ထောင်စုတပ်မတော် ကို ယခုကဲ့သို့ စတင်တိုက်ခိုက်ခြင်းသည် အမျိုးသားရေးအန္တရာယ်ကို လက်ကမ်း ခေါ်နေ သည့် အပြုအမူသာဖြစ်သည်ကို ဆင်ခြင်သုံးသပ်နိုင်ရန် ပြောကြားလို ပါကြောင်း၊ အမျိုးသားရေး ရန်သူများကို တွန်းလှန်တိုက်ခိုက်နေ သည့် ပြည်ထောင်စုတပ်မတော်ကြီးကို အင်အား တောင့်တင်းအောင် အဘက်ဘက်က ၀ိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန်လိုသည်ကို ထပ်လောင်း ပြောကြားလိုပါကြောင်း၊ သက်ဆိုင်သူများ၏ မိဘဆွေမျိုးများမှာ အစိုးရ ယန္တရားတွင် ပါဝင်နေကြသူများဖြစ်သည့်အလျောက် လက်နက်ကိုင် လမ်းစဉ်ကို စွန့်လွှတ်ပြီး ပြည်သူအများ ရွေးချယ်တင်မြှောက်သော နိုင်ငံတော် အစိုးရနှင့်အတူ အေးချမ်းစွာ ပူးပေါင်း ဆောင်ရွက်ရန် တိုက်တွန်းပါကြောင်းကို သတင်းစကားပါးလိုပါကြောင်း၊ AA လက်နက်ကိုင် အဖွဲ့သည် ၂၀၁၅ ခုနှစ်မှ စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သော်လည်း ယခုသမ္မတဦးထင်ကျော် လက်ထက် တွင် စစ်ပွဲများရပ်ရန် ဆန္ဒဖော်ထုတ်ခြင်း၊ အရေးကြီးအဆို တင်သွင်းခြင်းတို့ သည် လက်ရှိပြည်ထောင်စုအစိုးရအဖွဲ့ကို နိုင်ငံရေးအကြပ်အတည်း တစ်ရပ်ဖြစ်ပေါ်စေရေး အတွက် ပုံဖော်ဖန်တီးရာ ရောက်နေသည်ကို တင်ပြလိုပါကြောင်း ရှင်းလင်းပြောကြား သည်။
ထို့နောက် အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ကိုယ်စားလှယ် များ၏ ဆွေးနွေးချက်မှာ တစ်ဖက်တည်း ဆွေးနွေးမှု မဟုတ်ဘဲ တိုင်းရင်းသား အဖွဲ့အစည်းများ ဆွေးနွေးရန်လိုကြောင်း ပါဝင်သကဲ့သို့ နိုင်ငံတော်အနေဖြင့် လည်း အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် မပါ ၀င်သေးသော အဖွဲ့များကို ပါဝင်စေပြီး အပစ်အခတ် ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို အစဉ်တစိုက် ဆောင်ရွက်နေကြောင်း ပေါ်ပေါက်နေသည့် အတွက် ဥက္ကဋ္ဌတစ်ဦးအနေဖြင့် မှတ်တမ်းတင်ထားရှိသင့်သည်ဟု တွေ့ရှိရ ပါကြောင်းပြောကြားပြီး အရေးကြီးအဆိုကို အမျိုးသားလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၉၊ နည်းဥပဒေခွဲ(တ)၊ နည်းဥပဒေခွဲငယ်(၁)အရ စက်ခလုတ် အသုံးပြု၍ လွှတ်တော်၏ဆန္ဒကို ရယူသည်။
ထိုသို့ စက်ခလုတ်အသုံးပြု၍ လွှတ်တော်၏ဆန္ဒရယူရာ၌ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၂၀၂ ဦးက ဆန္ဒပြုကြရာ ထောက်ခံ ဆန္ဒမဲ ၁၉၅ မဲ၊ ကန့်ကွက်ဆန္ဒမဲ ၆ မဲနှင့် ကြားနေဆန္ဒမဲ တစ်မဲ ရရှိ ပြီး ထောက်ခံဆန္ဒမဲများသည့်အတွက် အဆိုကို မှတ်တမ်းတင် ကြောင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ကြေညာသည်။
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေး ၂၀ ရက်မြောက်နေ့ ကို မေလ ၅ ရက် နံနက်ပိုင်းတွင် ဆက်လက်ကျင်းပသွားရန် လျာထားကြောင်းသိရသည်။

Credit To >>> မြ၀တီ

0 comments:

Post a Comment