Wednesday, May 4, 2016

၂၁ ရာစု ပင်လုံ ကဲ့သို့သော ညီလာခံကို ကျင်းပရန် မဖြစ်နိုင်သေးကြောင်း တိုင်းရင်းသားရေးရာဝန်ကြီး ပြောကြား

တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား တိုက်ပွဲများ ရပ်တန့်ခြင်း မရှိသေးသည့်အချိန်တွင် (၂၁)ရာစု ပင်လုံ ကဲ့သို့သော ညီလာခံကို ကျင်းပရန် မဖြစ်နိုင်သေးကြောင်း တိုင်းရင်းသားရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က ပြောကြားသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် ပြောဆိုထားသော (၂၁) ရာစု ပင်လုံ ညီလာခံ ကျင်းပရေးကိစ္စရပ်နှင့် ပတ်သက်ပြီး The Voice က ဆက်သွယ်မေးမြန်းရာတွင် ၎င်းက ယင်းသို့ပြောဆိုခြင်းဖြစ်သည်။
ထိုပြင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ် ရေးထိုးခြင်း မရှိသေးသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအပါအဝင် လက်နက်ကိုင် အဖွဲ့အားလုံးနှင့် အပစ်ရပ်စဲရေး သဘောတူညီပြီးမှသာလျှင် ၂၁ ရာစု ပင်လုံကို ဆောင်ရွက်သင့်ကြောင်း တိုင်းရင်းသားရေးရာဝန်ကြီးက မှတ်ချက်ပေးသည်။
“ကျန်တဲ့လက်နက်ကိုင်တဲ့အဖွဲ့ အားလုံးက သဘောထားကြီးကြီးနဲ့ ဆွေးနွေးတိုင်ပင်ပြီး အပစ်အခတ်ရပ်စဲရေး လုပ်ပြီးတဲ့နောက်မှ ကျွန်တော်တို့ ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့(၂၁)ရာစု ငြိမ်းချမ်းရေးဆွေးနွေးပွဲ၊ ပင်လုံ ကဲ့သို့ ဆွေးနွေးပွဲဆိုတာ အဲ့ဒီ့အခါမှလုပ်လို့ရမှာ”ဟု ၎င်းကဆိုသည်။
နိုင်ငံတော်သမ္မတဟောင်း ဦးသိန်းစိန် အစိုးရလက်ထက်တွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးရန် ကျန်ရှိနေခဲ့သော တိုင်းရင်းသား လက်နက်ကိုင်များနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိရန် ဦးစွာ လုပ်ဆောင်သင့်ကြောင်း နိုင်သက်လွင်က အကြံပြုပြောဆိုသည်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကမူ ၂၁ ရာစု ပင်လုံ ညီလာခံကို အများဆုံး နှစ်လအတွင်း ကျင်းပနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-U) အဖွဲ့ဝင်များနှင့် ဧပြီလ ၂၇ ရက်နေ့က တွေ့ဆုံစဉ် ပြောဆိုထားသည်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီ ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက “ဘယ်သူတွေ ပါဝင်ခွင့်ပေးမှာလဲ၊ အခုထိတော့ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ တွေ့ဆုံခြင်းတော့ မရှိသေးဘူး။ ကျွန်တော်တို့ဘက်ကတော့ တွေ့ဆုံဖို့ မျှော်လင့်တယ်။ တစ်လနှစ်လ ဆိုတာကတော့ စိန်ခေါ်မှုတွေရှိနေမှာ"ဟု ပြောကြားသည်။
Credit To >>> The Voice Weekly

0 comments:

Post a Comment