‘ဝ’ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသ ပန်ဆန်းသို့ တာဝန်ပေးထားခြင်းမရှိဘဲ သွားရောက်ခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုးဌေးကို လွှတ်တော်ကော်မတီဝင်အဖြစ်မှ ထုတ်ပယ်လိုက်ပြီး ပါတီအရေး ကြီးတာဝန်များ ထမ်းဆောင်ခွင့် တစ်နှစ်ပိတ်ပင်လိုက်ကြောင်း သတင်းရရှိသည်။
မေလ ၃ ရက်က ကျင်းပပြု လုပ်သည့် ပြည်သူ့လွှတ်တော်အ စည်းအဝေး၌ ကော်မတီအဖွဲ့ဝင် များ ပြောင်းလဲထည့်သွင်းရာတွင် ပြည်သူ့လွှတ်တော် တိုင်းရင်းသား ရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီဝင် ဦးစိုး ဌေးကို ကော်မတီဝင်အဖြစ်မှ ပယ်ဖျက်ကာ ၎င်းအစား ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဗစ် တာခလိုက်အား အစားထိုးခန့်အပ်ခဲ့သည်။
‘‘ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တွေအတွက် လိုအပ်တဲ့အချက် အလက်တွေ စုဆောင်းဖို့ သွားခဲ့ တာပါ။ ငြိမ်းချမ်းရေးဆွေးနွေးတဲ့ နေရာမှာ စာအုပ်ဖတ်ပြီး ဆွေးနွေးတာထက် သက်ဆိုင်ရာနယ်မြေကို ကိုယ်တိုင်ကွင်းဆင်း အချက်အလက် စုဆောင်းဆွေးနွေး တာက ပိုသင့်လျော်ပါတယ်။ အဲဒါကြောင့် သွားခဲ့တာပါ’’ဟု ဦးစိုးဌေးက ပြောသည်။
ပြီးခဲ့သည့် ဧပြီ ၂၅ ရက်မှ ၂၉ ရက်အထိ ‘ဝ’ဒေသသို့ သွား ရောက်ခဲ့သော ဦးစိုးဌေးသည် ၎င်းသွားရောက်သည့်ကိစ္စကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌထံ သတင်းပေးပို့ခြင်းမရှိသကဲ့သို့ ပါတီသို့ လည်း အကြောင်းကြားခြင်းမရှိ သဖြင့် ယခုကဲ့သို့ အရေးယူခံရခြင်း ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ တာဝန်ရှိသူလွှတ်တော်ကိုယ်စားလှယ် အချို့က ပြောသည်။
‘‘သူက ပါတီရဲ့ ခွင့်ပြုချက် လည်းမရှိဘူး။ လွှတ်တော်ကို ကိုယ်စားပြုပြီးသွားတာ မဟုတ် ဘူး။ သူ့ဘာသာသူ သွားသလိုဖြစ် နေတယ်။ အဲဒီတော့ ပါတီက အ ရေးယူတယ်’’ဟု ဦးဝင်းထိန်က 7Day Daily သတင်းစာအား ပြောသည်။
‘ဝ’ခေါင်းဆောင်များနှင့် သွားရောက်တွေ့ဆုံမှုနှင့်ပတ် သက်ပြီး ဦးစိုးဌေးက 7Day Daily သို့ ဖြေကြားချက်တစ်ခုတွင်မူ ပါတီနှင့် လွှတ်တော်ကို ကိုယ်စား ပြု သွားရောက်ခြင်းမဟုတ်ဘဲ မဲဆန္ဒရှင်များ၏ ငြိမ်းချမ်းရေးလို လားမှု၊ လွှတ်တော်ကိုယ်စား လှယ်တစ်ဦး၏ တာဝန်များကို ကျေပွန်ချင်သဖြင့် ကွင်းဆင်းလေ့ လာခြင်းဖြစ်သည်ဟု ပြောကြားခဲ့ ဖူးသည်။
‘‘သူ (ဦးစိုးဌေး)အနားပေးခံ ရတာက ‘ဝ’ခေါင်းဆောင်တွေနဲ့ သွားတွေ့တဲ့အကြောင်းနဲ့လည်း သက်ဆိုင်ပါတယ်။ လွှတ်တော်ရဲ့ ကော်မတီကိုလည်း ကိုယ်စားပြု ပြီး သွားတွေ့တာမျိုးမဟုတ်ပါ ဘူး’’ဟု ဦးခွန်မောင်သောင်းက ဆိုသည်။
ဦးစိုးဌေးသည် ယခင်တပ် မတော်အစိုးရလက်ထက်က ဗိုလ် မှူးချုပ်တာဝန်အထိ စစ်ဘက် ဆိုင်ရာတာဝန်များကို ထမ်းဆောင်ခဲ့သူဖြစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကိုယ်စားပြု၍ ကော့ကရိတ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြှောက်ခံခဲ့ရခြင်းဖြစ်သည်။
Credit To >>> 7 Day Daily
0 comments:
Post a Comment