Tuesday, May 3, 2016

ရက် ၁ဝဝ စီမံကိန်းဖြင့် ရှမ်း(မြောက်)လမ်းပိုင်းယာဉ်ကြောပိတ်ဆို့မှု ဖြေရှင်းမည် ရေရှည်အဆင်ပြေစေရေးဂုတ်တွင်းတံတားထိုးရန်စီစဉ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၏ အဓိကအာဆီယံလမ်းမကြီးဖြစ်သည့် မန္တလေး-လားရှိုး-မူဆယ်လမ်းပိုင်း ယာဉ်ကြောပိတ်ဆို့မှုများကို ရက် ၁ဝဝ စီမံကိန်းဖြင့် ဖြေရှင်းဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ရေရှည်သွားလာရေး လွယ်ကူအဆင် ပြေစေရန်အတွက် ဂုတ်တွင်းတံတားသစ်တစ်စင်းထိုးရန် စီစဉ်ဆောင်ရွက်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါလမ်းပိုင်းသည် မကြာခဏ ယာဉ်ကြောပိတ်ဆို့မှုပြဿနာများ ဖြစ်လေ့ရှိပြီး ခရီးသွားများနှင့် ကုန်စည်စီးဆင်းမှုများ နှောင့်နှေးကြန့်ကြာမှုများ ဖြစ်ပွားလျက်ရှိသည်။
ယင်းပြဿနာကို ရက် ၁ဝဝ စီမံကိန်းဖြင့် အမြန်ဆုံးအဖြေရှာဖြေရှင်း ပေးနိုင်ရေးအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာအစိုးရ ဌာနအသီးသီးမှ တာဝန်ရှိသူများ၊ အသင်းအဖွဲ့များ၊ လမ်းကုမ္ပဏီများနှင့် အစည်းအဝေးပြုလုပ်ညှိနှိုင်းတိုင်ပင်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ယခုအခါ သက်ဆိုင်ရာတာဝန်ရှိသူများက အားလုံးပူးပေါင်းပါဝင်ကာ မြေပြင်လက်တွေ့ ကွင်းဆင်းဆောင်ရွက်နေလျက်ရှိကြောင်း သိရသည်။
ယာဉ်ကြောပိတ်ဆို့မှုကို မည်ကဲ့သို့ကိုင်တွယ်ဖြေရှင်းမည်ကို အဖြေရှာရာတွင် အဆိုပါလမ်းပိုင်းသည် မြန်မာနိုင်ငံတွင် ကုန်စည်စီးဆင်းရာအဓိကကျသော လမ်းပိုင်းဖြစ်သည့်အလျောက် နေ့စဉ်နှင့်အမျှ ယာဉ်သွားလာမှုပိုမိုများပြားလာခြင်း၊ ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရာတွင် ၂၂ ဘီးတပ်(တွဲကား) ယာဉ်ကြီးများ အသုံးပြုမှုများပြားလာခြင်း၊ လမ်းအကျယ်မှာ နှစ်လမ်းသွားလမ်းဖြစ်ပြီး လမ်းချဲ့ထွင်ရန်ခက်ခဲခြင်း၊ ယာဉ်များစက်ချွတ်ယွင်းမှု ဖြစ်ခြင်း၊ လမ်းချော်ခြင်း၊ ယာဉ်မောင်းအချို့ စည်းကမ်းလိုက်နာမှုအားနည်းခြင်းတို့ကို တွေ့ရှိရသည်။ ယင်းတွေ့ရှိချက်များအနက်မှ ယာဉ်ကြောပိတ်ဆို့မှု ၇၅ ရာခိုင်နှုန်းမှာ ယာဉ်ကြောင့်ဖြစ်ပြီး ယာဉ်မောင်းနှင့် လမ်းပိုင်းဆိုင်ရာ ချွတ်ယွင်းမှု ၂၅ ရာခိုင်နှုန်း ဖြစ်ကြောင်း သိရသည်။ ယာဉ်ကြောင့် ၇၅ ရာခိုင်နှုန်းထဲမှ ၂၂ ဘီးတပ် (တွဲကား) ယာဉ်ကြောင့်မှာ ၃၅ ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။
မန္တလေး-လာရှိုး-မူဆယ် လမ်းပိုင်း၌ အဓိကအားဖြင့်ဂုတ်တွင်းနှင့် ကွတ်ခိုင်(တိုးဂိတ်အနီး)မှ နန့်ခိုင်(ရှုခင်းသာ)ထိ တောင်ပေါ်လမ်းများတွင် ယာဉ်ကြီးများ တစ်စုံတစ်ခုဖြစ်ပေါ်ပါက ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပွားကြောင်း၊ ယင်းနေရာများသည် တောင်တက်၊ တောင်ဆင်းလမ်းများ ဖြစ်သောကြောင့် လမ်းကျဉ်းပြီး လမ်းချဲ့ထွင်ရန်အခက်အခဲများရှိကြောင်း၊ ယာဉ်လမ်းကြော ပိတ်ဆို့နေချိန်တွင် ယာဉ်ငယ်များက ကျော်တက်၍ လမ်းလုမောင်းမှုကြောင့် တစ်ဖက်နှင့်တစ်ဖက် သွားမရအောင် ပိတ်ဆို့မှုများ ဖြစ်ပွားကြောင်း ရှမ်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေးက ပြောကြားသည်။
ယင်းလမ်းအပိုင်းကို BOT စနစ်ဖြင့် လုပ်ပိုင်ခွင့်ရရှိထားသော ကုမ္ပဏီကလည်း လမ်းအကျယ်ပေ ၄ဝ လောက် ချဲ့ထွင်နိုင်ရန် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း၊ လမ်းရှင်းလင်းအဖွဲ့များကို အဖွဲ့အစည်းများဖြင့် ဖွဲ့စည်း၍ လမ်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ ယာဉ်ကြော ပိတ်ဆို့ပါက ယာဉ်များကို ''မ''ထုတ်ဖယ်ရှားနိုင်ရန် ၂၅ တန်ကရိန်းများ ကုမ္ပဏီက ထားရှိပေးပြီးဖြစ်သော်လည်း ဝန်မရာတွင် လုံလောက်မှုရှိစေရန် တန် ၅ဝကရိန်းများ၊ ဘက်ဟိုးယန္တရားများ ထပ်မံထားရှိပေးရန် စီစဉ်ဆောင်ရွက် နေပြီဖြစ်ကြောင်း၊ အထူးသဖြင့် လမ်းတိုးချဲ့ရာတွင် သစ်တောဦးစီးဌာနပိုင် ကျွန်းပင်များ မလွတ်၍ ဖယ်ရှားရှင်းလင်းရန် ညှိနှိုင်းဆောင်ရွက်နေကြောင်း၊ လတ်တလော လမ်းချဲ့ထွင်ရန် ဂုတ်တွင်းရှိ ကျွန်းပင် ၁၇၇ ပင် အရေးကြီး ဖယ်ရှားနိုင်ရန် လုပ်ဆောင်နေကြောင်း ၎င်းက ဆက်လက်ပြောသည်။
ယာဉ်ကြောပိတ်ဆို့မှုကို ရက်၁ဝဝ စီမံကိန်းဖြင့် လက်တလော ဖြေရှင်းပေးသွားမည်ဖြစ်သော်လည်း ရေရှည်တွင် ယာဉ်သွားလာမှုချောမွေ့စေရေး အတွက် ဂုတ်တွင်း၌ တံတားထိုးပေးသွားမည်ဖြစ်ကြောင်း၊ အဆိုပါလမ်းသည် အာဆီယံလမ်းဖြစ်သည့်အလျောက် အာဆီယံစံချိန်များနှင့်အညီ ၄၈ ပေလမ်း ဖြစ်ရန် လိုအပ်ပြီး လမ်းချဲ့ထွင်နိုင်ရန် မြေနေရာမရှိသည့်အတွက် တံတား ထိုးရန် စီစဉ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ တံတားအား အကြမ်းအားဖြင့် တည်ဆောက်ရန် ပုံစံမျိုးထုတ်ထားပြီးဖြစ်သော်လည်း မည်သည့်ပုံစံဖြင့် တည်ဆောက်ရန် စိစစ်ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ မြို့ရှောင်လမ်းများကို ဖောက်လုပ်ရန် ကုမ္ပဏီအနေဖြင့် လမ်းအူကြောင်းများ လျာထားပြီးဖြစ်ကြောင်း ဝန်ကြီး ဦးခွန်ရဲထွေးက ဆိုသည်။
အဆိုပါလမ်းပိုင်းတွင် လတ်တလောလမ်းကြောပိတ်ဆို့မှု မရှိစေရေး အတွက် အသိပေး၊ သတိပေး ဗီနိုင်းဆိုင်းဘုတ်များ တပ်ဆင်လျက်ရှိပြီး နောက်ပိုင်းတွင် LED ဘုတ်များ တပ်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။
မန္တလေး-လားရှိုး-မူဆယ်လမ်းပိုင်းအား Oriental Highway ကုမ္ပဏီ လီမိတက်က BOT စနစ်ဖြင့် တာဝန်ယူလုပ်ဆောင်လျက်ရှိရာ ၎င်းကုမ္ပဏီက ၄၈ ပေအကျယ် လေးလမ်းသွားတိုးချဲ့ခြင်းလုပ်ငန်းကို နှစ်အလိုက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
ကုမ္ပဏီအနေဖြင့် ၂ဝ၁၆-၂ဝ၁၈ တွင် သိန်းနီ-မူဆယ်လမ်း ၇၇ မိုင်၊ ၂ဝ၁၈-၂ဝ၁၉ တွင် ဝက်ဝံ-နောင်ချိုလမ်း ၂၁ ဒသမ ၆၂၅ မိုင်နှင့် နောင်ချို မြို့ရှောင်လမ်း ၁၂ ဒသမ ၈၂၆မိုင်၊ ၂ဝ၂ဝ-၂ဝ၂၁ တွင် နောင်ချို-သီပေါလမ်း ၃၄ ဒသမ ၈၇၅ မိုင်၊ သီပေါမြို့ရှောင်လမ်း ၁ ဒသမ ၈၆၄ မိုင်၊ သီပေါ-သိန်းနီ လမ်း ၅၉ ဒသမ ၂၅ မိုင်၊ သိန်းနီမြို့ရှောင်လမ်း ၂ ဒသမ ၅၆ မိုင်ကို ဘဏ္ဍာ ရေးနှစ်အလိုက် တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
Credit To >>> The Mirror Dailly 

0 comments:

Post a Comment