Monday, May 16, 2016

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံ အသည်းဖောင်ဒေးရှင်းနှင့် ပူးပေါင်းကာ တစ်နိုင်ငံလုံးအတိုင်းအတာ ဘီပိုးကာကွယ်ဆေး အခမဲ့ ထိုးနှံပေးခြင်း ပြုလုပ်နေ

မြန်မာနိုင်ငံတွင် အသည်းရောင် အသားဝါဘီပိုး ဖြစ်ပွားမှုနှုန်း များပြားနေပြီး ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံ အသည်းဖောင်ဒေးရှင်းတို့နှင့် ပူးပေါင်းကာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အသည်းရောင်အသားဝါဘီပိုး ကာကွယ်ဆေး အခမဲ့ထိုးနှံပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ယင်းအစီစဉ်ကို ၂၀၁၅ ခုနှစ် သြဂုတ်မှစတင်ကာ ပြုလုပ်နေခြင်းဖြစ်ပြီး တစ်နှစ်စီမံကိန်းဖြင့် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ဘီပိုးကာကွယ်ဆေး ထိုးနှံပေးခြင်းကို မွေးကင်းစကလေးငယ်နှင့် ကလေးငယ်များတွင် ထိုးနှံပေးနေခြင်းဖြစ်ပြီး လူငယ်နှင့် လူကြီးပိုင်းများအတွက် ကာကွယ်ဆေး ထိုးနှံမည့်အစီအစဉ်ကို အသည်းဖောင်ဒေးရှင်းနှင့် ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။
“ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့က မွေးကင်းစကလေးတွေမှာ ဘီပိုးကာကွယ်ဆေး ထိုးနှံပေးတာကို အရင်ကတည်းက လုပ်နေတာပေါ့နော်။ အဲဒီမှာ လူကြီးပိုင်းတွေကို ထိုးနှံပေးဖို့ကျတော့ သူတို့ဘက်မှာ ၀န်ထမ်းအင်အား အခက်အခဲလည်းရှိတော့ အန်တီတို့ကို ကာကွယ်ဆေး ထောက်ပံ့ပေးပြီး အန်တီ့အသင်းက နေပြီးတော့ တိုင်းနှင့် ပြည်နယ်တွေမှာရှိတဲ့ ရပ်ရွာအခြေပြုအဖွဲ့အစည်းတွေနဲ့ လုပ်ဆောင်တယ်။ မိဘမဲ့ ကျောင်းတွေ၊ သီလရှင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေမှာလည်း လိုက်ထိုးနှံပေးနေပါတယ်”ဟု မြန်မာနိုင်ငံ အသည်းဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါက်တာခင်ပြုံးကြည်က ပြောကြားသည်။
ယခင်က ဘီပိုးကာကွယ်ဆေး အခမဲ့ထိုးနှံပေးခြင်းကို မြန်မာနိုင်ငံ အသည်းဖောင်ဒေးရှင်းမှ အလှုရှင်များ၏ထောက်ပံ့မှု၊ အသင်းရန်ပုံငွေများဖြင့် ဆေးများဝယ်ယူကာ တိုင်းနှင့် ပြည်နယ်အလိုက် ကာကွယ်ဆေး ထိုးနှံပေးခြင်း၊ ဆေးစစ်ပေးခြင်းတို့ကို လုပ်ဆောင်ခဲ့ပြီး ၂၀၁၅ ခုနှစ် သြဂုတ်လမှစတင်ကာ ကျန်းမာရေးဝန်ကြီးဌာနမှ တစ်နှစ်စီမံချက်ဖြင့် ကာကွယ်ဆေးထိုးနှံရန် ဘီပိုးကာကွယ်ဆေး အလုံးရေ သုံးသန်းခန့်ကို မြန်မာနိုင်ငံ အသည်းဖောင်ဒေးရှင်းသို့ ထောက်ပံ့ပေးခဲ့ကြောင်း၊ လက်ရှိတွင်ကာကွယ်ဆေး တစ်သန်းခွဲခန့် ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်းနှင့် ကျန်ရှိနေတဲ့ကာကွယ်ဆေးများကို ယခုနှစ် သြဂုတ်လမတိုင်မီ အပြီးထိုးနှံ ပေးသွားရန်ရှိကြောင်းလည်း သိရသည်။
ဘီပိုး ကာကွယ်ဆေးကို တစ်ဦးချင်းစီ ထိုးနှံပေးရန်အတွက် နေရာအခက်အခဲနှင့် ၀န်ထမ်းအင်အား အခက်အခဲရှိနေခြင်းကြောင့် လက်ရှိတွင် ဘီပိုးကာကွယ်ဆေးထိုးနှံရန် လိုအပ်သည့် ရပ်ရွာအဖွဲ့အစည်းများမှ ဖိတ်ကြားထားသည့် ဒေသများသို့ သွားရောက်ထိုးနှံပေးလျက်ရှိကြောင်းနှင့် ပညာပေးဟောပြောပွဲ များပြုလုပ်ပေးခြင်းနှင့် ဘီပိုးရှိသူ များအား နှစ်သိမ့်ဆွေးနွေးပေးခြင်းနှင့် အကြံဥာဏ်ပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
“ကာကွယ်ဆေးထိုးနှံဖို့အတွက် အဓိကကတော့ ရပ်ရွာအခြေပြုအဖွဲ့တွေက သူတို့ရွာ၊ သူတို့မြို့နယ်မှာ ထိုးချင်ပါတယ်ဆိုပြီး အကြောင်းကြားလာတာတွေရှိတယ်။အဲဒီနေရာတွေကို အဓိက သွားထိုးပေးပါတယ်။ ပြီးရင် တကယ်လို့တစ်ဦးတစ်ယောက်ကနေ ဦးဆောင်ပြီး ကျွန်တော်၊ကျွန်မတို့ဒေသကို လာထိုးပေးပါ။ ကာကွယ်ဆေးထိုးပေးဖို့၊ စစ်ပေးဖို့အတွက် လူတွေကိုလည်း စုစည်းထားပေးပြီးသား ရှိတယ်ဆိုရင် အန်တီတို့အသင်းကို အချိန်မရွေး ဆက်သွယ်လို့ရပါတယ်”ဟု ဒေါက်တာ ခင်ပြုံးကြည်က ဆက်လက်ပြောကြားသည်။
၂၀၁၅ ခုနှစ်အတွင်း နောက်ဆုံး ကောက်ယူခဲ့သည့် စစ်တမ်းအရ မြန်မာနိုင်ငံတွင် အသည်းရောင် အသားဝါဘီ ဖြစ်ပွားမှုနှုန်းမှာ လူဦးရေ ၁၀၀ လျှင် ၆ ဦးနှုန်းနှင့် အသည်းရောင်အသားဝါစီ ရောဂါဖြစ်ပွားမှုနှုန်းမှာ လူဦးရေ ၁၀၀ လျှင် သုံးဦးနှုန်း ဖြစ်ပွားနေသည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။
Credit To >>> Eleven Media  Group 

0 comments:

Post a Comment