Monday, May 16, 2016

မြစ်ဆုံ စီမံကိန်းနှင့် ပတ်သက်၍ တစ်စုံတစ်ရာ တုံ့ပြန်မှု မရှိသည့် အပေါ် ဒေသခံများ၏ စိုးရိမ်မှု မြင့်တက်နေ



အစိုးရသစ်၏ မြစ်ဆုံ စီမံကိန်းနှင့် ပတ်သက်၍ တစ်စုံတစ်ရာ တုံ့ပြန်မှု မရှိသည့် အပေါ် ဒေသခံများ၏ စိုးရိမ်မှုများ မြင့်တက်နေကြောင်း သတင်းရရှိသည်။
“အစိုးရသစ်က ဒီစီမံကိန်းကို မရပ်ဆိုင်းပေးဘူး ဆိုရင် ကျွန်မတို့ ဒေသခံတွေ ဘယ်လို နေတော့မလဲ။ စဉ်းစားကြည့်ပါ။ ဧရာဝတီမြစ်ကို သုံးတဲ့ သူတွေပဲ စဉ်းစားကြည့်။ ကျွန်မတော့ အရမ်း ရင်တုန်တယ်။ ငိုချင်တယ်။ ဒုက္ခ အထပ်ထပ် ခံစားနေရတယ်။ မေခ၊ မလိခ ဆုံတဲ့ နေရာဆိုတာ ရောက်ဖူးတဲ့ သူတွေ တန်ဖိုးရှိတဲ့ အေဒင်ဥယျာဉ်၊ ဘုရားသခင် ဖန်ဆင်းထားတဲ့ နေရာတစ်ခု ဟုတ်တယ်။ စဉ်းစားကြည့်ပါ။ ကျွန်မ အနေနဲ့ ဆိုရင် ဒါကို လုံးဝ ဖျက်သိမ်းရမယ်။ ကျွန်မက ဒါကို မဖျက်သိမ်းရင် အဲဒီ နေရာမှာပဲ ကျွန်မ အနေနဲ့ အသေခံမယ်လို့ အဓိဋ္ဌာန် ပြုထားပါတယ်” ဟု မြစ်ကြီးနားမြို့ အောင်မြင်သာ (တန်ဖဲ) ရွာမှ ဒေသခံ ဒေါ်ဂျာခေါန်က ပြောကြားသည်။

အဆိုပါ မြစ်ဆုံ စီမံကိန်း အကောင်အထည် ဖော်ရန် စီစဉ်ထားသည့် ကန့်သတ်နေရာတွင် မြစ်ဆုံ ဒေသခံ အချို့သည် ပြန်လည် နေထိုင်နေခြင်း၊ အသက်မွေး ၀မ်းကျောင်းများ ပြန်လည်လုပ်ကိုင်ခြင်းများ ဆောင်ရွက်နေကြကြောင်း ဒေသခံများက ပြောကြားသည်။

ရွှေ့ပြောင်း ခံထားရသူများ၏ မူလ နေရာရှိ ဥယျာဉ်ခြံ မြေနေရာများကို ကန့်သတ်နယ်မြေ အဖြစ် ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီး သွားလာလုပ်ကိုင်ခွင့် ကန့်သတ်ထားမှုများ ရှိကြောင်း သိရသည်။

“အစိုးရသစ်ကို အားကိုးတယ်။ အားကိုးပေမယ့်လည်း ဘာမှ ပြောမလာသေးဘူး။ ကျွန်တော်တို့က စိုးရိမ်မှုကတော့ ဒီအတိုင်းပဲ ရှိနေတာပဲ” ဟု မလိယာန် ကျေးရွာမှ ဦးမုန်ရာက ပြောကြားသည်။

“အစိုးရသစ်ကို အားကိုးလို့ မဲထည့်ခဲ့ပါတယ်။ အဲဒါကြောင့် မဲလဲ နိုင်ခဲ့တယ်။ အခု အစိုးရလဲ ဖြစ်လာတယ်။ ကျွန်မတို့ရဲ့ အခက်အခဲတွေ ဖြေရှင်းပေးမယ်လို့ ထင်တယ်။ သူတို့လဲ ဘာမှ မပြောဘူး ဆိုတော့ စိတ်ထဲမှာ တစ်မျိုး ခံစားရတယ်ပေါ့။ ဒါပေမဲ့ ကျွန်မ အနေနဲ့ သူတို့ စီမံကိန်းကို ဖျက်သိမ်းမှာပဲလို့ ယုံကြည်တယ်” ဟု ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အောင်မြင်သာ (တန်ဖဲ) ရွာမှ ဒေသခံ ဒေါ်လုသာက ဆိုသည်။

မြစ်ဆုံ ရေကာတာ စီမံကိန်း လုံးဝ ရပ်တန့်ပေးရန် ဒေသခံများက နိုင်ငံတော် သမ္မတ ဦးထင်ကျော်ထံ လက်မှတ် ရေးထိုး၍ အိတ်ဖွင့်စာ ပေးပို့ခဲ့ကြောင်း မေ ၁၀ ရက်က ပြုလုပ်ခဲ့သည့် မြစ်ဆုံ ရေကာတာ စီမံကိန်းနှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲမှ သိရသည်။

မြစ်ဆုံ ရေကာတာ စီမံကိန်းနှင့် ပတ်သက်၍ အိတ်ဖွင့်စာ ပေးပို့ခြင်းကို မြစ်ဆုံဒေသခံ ၁၈၀၁ ဦးက လက်မှတ် ရေးထိုးကာ ပေးပို့ခြင်းဖြစ်ကြောင်း သိရသည်။

“စက်ယန္တရားတွေတော့ မလှုပ်ရှားဘူး။ တစ်ခါတလေ ကားတွေ၊ တရုတ်ကားတွေ ခဏခဏ ၀င်ထွက်တယ်။ ကျွန်တော်တို့ ရေလွှဲမြောင်းနေရာ အားလုံးက လယ်ကွက်လည်း တစ်ကွက်မှ မရှိတော့ဘူး။ ထိုးပစ်လိုက်တယ်။ အဲဒီ နေရာမှာ သူတို့က ဆက်ပြီး စောင့်နေတယ်။ ဂိတ်ကလည်း သုံးလေးထပ်လောက် ဆောက်ထားတယ်။ လုံးဝ လက်မလျှော့သေးတဲ့ သဘော ရှိတယ်” ဟု မလိယာန်ကျေးရွာမှ ဦးမုန်ရာက မြစ်ဆုံဒေသရှိ လက်ရှိ အခြေအနေကို ပြောကြားသည်။

နိုင်ငံခြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်နိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးတို့၏ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲတွင် မြစ်ဆုံရေကာတာ စီမံကိန်းနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ခြင်း မရှိကြောင်းကို “စာချုပ်က ကျွန်မတောင် မဖတ်ရသေးဘူး။ ဒါကြောင့် ပြည်သူ လူထုကို ချပြဖို့ ဆိုတာ ခက်ပါလိမ့်မယ်။ ဒီကိစ္စကို ဘာမှလည်း ထူးထူးထွေထွေ ဆွေးနွေးခဲ့တာ မရှိပါဘူး” ဟု ပြောကြားခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်ရှိ မြစ်ဆုံ စီမံကိန်းနှင့် ပတ်သက်၍ NLD အစိုးရနှင့် ပူးပေါင်း ဆွေးနွေးပြီး အဘက်ဘက်က လက်ခံနိုင်မည့် နည်းလမ်းများ ရှာဖွေမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန်က မတ် ၄ ရက်ညပိုင်းက သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောကြားထားသည်။

အဆိုပါ မြစ်ဆုံရေကာတာ စီမံကိန်းကို ၂၀၀၆ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် အမှတ်(၁) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနနှင့် တရုတ်နိုင်ငံမှ CPI ကုမ္ပဏီတို့ လက်မှတ်ရေးထိုး အကောင်အထည် ဖော်ခဲ့ကြောင်း သိရသည်။ ဧရာဝတီမြစ်၊ မေခမြစ်၊ မလိခမြစ်ပေါ်တွင် တည်ဆောက်မည့် ရေကာတာ ခုနှစ်ခု အနက် မြစ်ဆုံ ရေကာတာသည် အကြီးဆုံးဖြစ်ပြီး မြစ်ကြီးနားမြို့ အထက် ၂၅ မိုင်ခန့်အကွာ၊ တန်ဖဲ ကျေးရွာအောက် သုံးမိုင်ခန့် အကွာတွင် တည်ဆောက်မည်ဖြစ်သည်။ CPI ကုမ္ပဏီသည် ဧရာဝတီမြစ်ဝှမ်း ရေအားလျှပ်စစ် တည်ဆောက်ရန် မြစ်ဆုံ၊ ချီဖွေ၊ ၀ူဆောက်၊ ဖီဆော၊ ခေါင်လံဖူး၊ ယဲ့နန်၊ လာဆာ တို့တွင် စီမံကိန်း ခုနစ်ခု စုစုပေါင်း စက်တပ်ဆင်အင်အား မဂ္ဂါဝပ် ၂၀၀၀၀ ခန့်ရှိပြီး တစ်နှစ်လျှင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုနှုန်း ဘီလျံ ၁၀၀ ယူနစ်ခန့် ရှိမည်ဟု ယင်းကုမ္ပဏီ၏ မှတ်တမ်းစာအုပ်တွင် ဖော်ပြထားသည်။

Credit To >>> Eleven Media Group 

0 comments:

Post a Comment