Wednesday, April 6, 2016

ဘဏ္ဍာရေး ကော်မရှင် ဖွဲ့စည်းကြောင်းနှင့် နိုင်ငံခြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ခန့်အပ်ကြောင်း နိုင်ငံတော်သမ္မတရုံး ထုတ်ပြန်ကြေညာ

ဘဏ္ဍာရေး ကော်မရှင်ကို ဖွဲ့စည်းကြောင်းနှင့် နိုင်ငံခြားရေး ၀န်ကြီးဌာနတွင် ဒုတိယ၀န်ကြီးတစ်ဦး ခန့်အပ် တာဝန်ပေးကြောင်း ဧပြီ ၅ ရက်တွင် နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်ကြေညာခဲ့သည်။
ဘဏ္ဍာရေး ကော်မရှင်တွင် သမ္မတ ဦးထင်ကျော်က ဥက္ကဋ္ဌအဖြစ် လည်းကောင်း၊ ဒုတိယသမ္မတ နှစ်ဦးဖြစ်သည့် ဦးမြင့်ဆွေနှင့် ဦးဟင်နရီဗန်ထီးယူတို့က ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်မည်ဖြစ်ပြီး အတွင်းရေးမှူးအဖြစ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ဆောင်ရွက်မည် ဖြစ်သည်။

ထို့အတူ ဘဏ္ဍာရေးကော်မရှင် အဖွဲ့ဝင်များအဖြစ် ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးမော်သန်း၊ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ ကယားပြည်နယ် ၀န်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ ကရင်ပြည်နယ် ၀န်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ချင်းပြည်နယ် ၀န်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာ မြင့်နိုင်၊ တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်၊ ပဲခူးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဝင်းသိန်း၊ မကွေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ မွန်ပြည်နယ် ၀န်ကြီးချုပ် ဦးမင်းမင်းဦး၊ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးညီပု၊ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရှမ်းပြည်နယ် ၀န်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမန်းဂျော်နီနှင့် နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့ဖြင့် ဖွဲ့စည်းလိုက်ကြောင်း ထုတ်ပြန်ခဲ့သည်။ထို့အတူ  နိုင်ငံခြားရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီးအဖြစ် ဦးကျော်တင်ကို ခန့်အပ် တာဝန်ပေးအပ်ကြောင်း နိုင်ငံတော် သမ္မတရုံးက အမိန့်အမှတ် ၁၃/၂၀၁၆ ဖြင့် ထုတ်ပြန် ကြေညာခဲ့သည်။

ထိုသို့ နိုင်ငံခြားရေး ၀န်ကြီးဌာနတွင် ဒုတိယ၀န်ကြီး ခန့်အပ်ခြင်းသည် သမ္မတ ဦးထင်ကျော် လက်ထက်တွင် ၀န်ကြီးဌာန ၂၁ ဌာနရှိသည့်အနက် ပထမဆုံး ဒုဝန်ကြီး ခန့်အပ်ခြင်းဖြစ်သည်။

အလားတူ ယခင်က ဒေါ်အောင်ဆန်းစုကြည် ပြည်ထောင်စု ၀န်ကြီးအဖြစ် ပူးတွဲ တာဝန်ထမ်းဆောင်သည့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနတွင် ပြည်ထောင်စုဝန်ကြီး အဖြစ် ဦးဖေဇင်ထွန်းနှင့် ပညာရေးဝန်ကြီး ဌာနတွင် ပြည်ထောင်စုဝန်ကြီးအဖြစ် ဒေါက်တာ မျိုးသိမ်းကြီးတို့ကို ခန့်အပ် တာဝန်ပေးလိုက်ကြောင်းလည်း နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်ကြေညာခဲ့သည်။

ပြည်ထောင်စု ရာထူးဝန် အဖွဲ့ဥက္ကဋ္ဌအဖြစ် ဒေါက်တာဝင်းသိန်း၊ ပြည်ထောင်စု ရှေ့နေချုပ်အဖြစ် ဦးထွန်းထွန်းဦးနှင့် ပြည်ထောင်စု စာရင်းစစ်ချုပ်အဖြစ် ဦးမော်သန်းတို့ကို ခန့်အပ်တာဝန် ပေးအပ်ကြောင်းနှင့် ပြည်ထောင်စု အစိုးရအဖွဲ့ ဖြည့်စွက်ပြင်ဆင် ဖွဲ့စည်းလိုက်ကြောင်းလည်း နိုင်ငံတော် သမ္မတရုံးက ဧပြီ ၅ ရက်၌ပင် ထုတ်ပြန်ကြေညာခဲ့သည်။
Credit To >>> Eleven Media Group

0 comments:

Post a Comment