Wednesday, April 6, 2016

မြင်းခြံမြို့တွင် လေပြင်းများ တိုက်ခတ်ကာ မိုးရွာသွန်းခဲ့ပြီး မိုးသီးအနည်းငယ်ကျဆင်း

မြင်းခြံမြို့တွင် ဧပြီ ၅ ရက်နေ့က လေပြင်းများ တိုက်ခတ်ကာ မိုးရွာသွန်းခဲ့ပြီး မိုးသီးအနည်းငယ် ကျဆင်းခဲ့ကြောင်း သိရသည်။
ဧပြီ ၅ ရက်နေ့ ည ၇ နာရီခွဲ အချိန်ခန့်က လေပြင်းများ တိုက်ခတ်ခဲ့ပြီး သစ်ပင်ငယ်နှင့် သစ်ကိုင်းကျိုးကျမှုများ ဖြစ်ပေါ်ခဲ့ပြီး လျှပ်စီးလျှပ်ပန်းများ ဖြစ်ပေါ်ခြင်း၊ မိုးခြိမ်းခြင်းနှင့်အတူ မိုးရွာသွန်းခဲ့ပြီး မိုးသီးအနည်းငယ် ကျဆင်းခဲ့ကြောင်း ဒေသခံများ၏ ပြောပြချက်များအရ သိရသည်။
"ညခုနှစ်နာရီခွဲ အချိန်လောက်မှာ လေပြင်းတွေ တိုက်ခတ်လာပြီး မိုးခြိမ်းတယ်။ လျှပ်စီးတွေယှက်တယ်၊ ခဏကြာတော့ မိုးရွာပါတယ်။ မိုးရွာတော့ မီးပျက်သွားပါတယ်။ မိုးရွာတဲ့အခါမှာ အိမ်ခေါင်မိုးပေါ်ကို မိုးပေါက်ကျတဲ့အသံက ခဲကျနေတဲ့ အသံမျိုးဖြစ်နေလို့ အိမ်အပြင် ထွက်ကြည့်တာ ဇီးသီးအစေ့ အရွယ်လောက် မိုးသီးတွေ ကြွေကျပါတယ်။ မိုးသီးကျတာ အများကြီးတော့ မဟုတ်ပါဘူး။ မိနစ်ပိုင်းလောက်ပဲကျပြီး မိုးဆက်မရွာတော့ မိုးသီးကျတာ ရပ်သွားပါတယ်" ဟု အမှတ် (၁၀) ရပ်ကွက်နေ မြို့ခံလူငယ် တစ်ဦးဖြစ်သူ ကိုစည်သူမြင့်လွင်၏ ပြောပြချက်အရ သိရသည်။
မြင်းခြံဒေသတွင် လွန်ခဲ့သည့် ၁၉၉၀ ပြည့်နှစ်ဝန်းကျင် အချိန်ခန့်က ယခုကဲ့သို့ မိုးသီးကျဆင်းမှုတစ်ကြိမ် ဖြစ်ပေါ်ခဲ့ပြီး ယခုထက်ပိုမို ကျဆင်းခဲ့ကြောင်း သိရသည်။
"၁၉၉၀ပြည့်နှစ်က မှတ်မှတ်ရရပါပဲ ကျမအိမ်ပြောင်းရွေ့ဖို့ လုပ်နေတုန်း မိုးတွေရွာလာပြီး မိုးသီးတွေပါကျလာ ပါတယ်။ ဒီနေ့ကျတဲ့ မိုးသီးထက် ပိုကြီးပြီး လက်ထဲမှာ အချိန်အကြာကြီး ကိုင်ထားလို့ ရပါတယ်။ အခုမိုးသီးက မန်ကျည်းစေ့ အရွယ်လောက်ရှိပြီး မြေပေါ်ရောက်ပြီး မကြာခင်မှာပဲ အပူရှိန်ကြောင့် ချက်ချင်း အရည်ပျော် သွားပါတယ်" ဟု အမှတ် ၁၉ ရပ်ကွက်နေ ဒေါ်ဝင်းဝင်းမေက ဆိုသည်။
ထိုနေ့က နေအပူအချိန်များ နေခင်းဘက်တွင် အပူချိန်မြင့်တက်နေပြီး ညနေပိုင်းတွင် လေပြင်းများ တိုက်ခတ်ကာ မိုးရွာသွန်းခဲ့ပြီး မိုးသီးအနည်းငယ် ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Credit To >>> Eleven Media Group

0 comments:

Post a Comment