Tuesday, April 5, 2016

အရှေ့ပိုင်းတက္ကသိုလ်တွင် ကထိကဆရာမကို အမျိုးသမီးတစ်ဦးက ရိုက်နှက်ပြီး ဓားထောက်လုယက်

သန်လျင်မြို့နယ် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ဝင်းတွင် ဧပြီလ ၃ ရက် မွန်းလွဲ ၃ နာရီခွဲခန့်က အသက် ၄၂ နှစ် အရွယ် ကထိကဆရာမတစ်ဦးကို အမျိုးသမီး တစ်ဦးက သစ်သားငရုတ်ကျည်ပွေ့ဖြင့် ရိုက်နှက်ကာ ကျောကုန်းကို ဓားဖြင့်ထောက်၍ ဝတ်ဆင်ထားသည့် ရွှေထည်များလုယူခဲ့ကြောင်း ယင်းမြို့နယ်ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

လုယက်ခံရသူမှာ အရှေ့ပိုင်းတက္ကသိုလ် နိုင်ငံတကာဆက်ဆံရေးပညာဌာနမှ ကထိကဆရာမတစ်ဦးဖြစ်ကြောင်း၊ ၎င်းသည် ယင်းနေ့မွန်းလွဲ ၂ နာရီခန့်က ရန်ကုန်မှ သန်လျင်သို့ ခရီးသည်တင်ယာဉ်ဖြင့်ပြန်လာပြီး အရှေ့ပိုင်း တက္ကသိုလ်ကားမှတ်တိုင်မှ ၎င်းနေထိုင်ရာအဆောင်သို့ တစ်ဦးတည်းလမ်းလျှောက်ပြန်ခဲ့ကြောင်း၊ ထိုစဉ် ၎င်းလိုက်ပါခဲ့သည့် ခရီးသည်တင်ယာဉ်ပေါ်မှ အမျိုးသမီးတစ်ဦး နောက်မှလိုက်လာပြီး တက္ကသိုလ် ဝင်းရှိ ကျောင်းသူကျောင်းသားများနားနေဆောင်ရှေ့ လမ်းပေါ်အရောက်တွင် သစ်သားကျည်ပွေ့တုတ်ဖြင့် ရိုက်နှက်ကာ ဓားထောက်၍ ဝတ်ဆင်ထား သည့် ရွှေထည်များလုယူခဲ့ခြင်းဖြစ်ကြောင်း အမှုဖွင့်တိုင်ကြားချက်များအရ သန်လျင်မြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
ယင်းရိုက်နှက်ခံရမှုကြောင့် ကထိကဆရာမ၏ ဦးခေါင်းတွင် ပေါက်ပြဲဖူးရောင် ဒဏ်ရာများရရှိခဲ့ပြီး ဝတ်ဆင်ထားသည့် ငွေကျပ် သိန်း ၃၀ ကျော်တန်ဖိုးရှိ ရွှေ ဆွဲကြိုး၊ လက်ကောက်နှင့် လက်စွပ်များလုယက်ခံခဲ့ရကြောင်း၊ လုယက်မှုကျူး လွန်ခဲ့သော အသက် ၃၀ ဝန်းကျင် အမည်မသိအမျိုးသမီးကို ပြစ်မှုပုဒ်မ ၃၉၄ ဖြင့် အမှုဖွင့်ထားပြီး ဖမ်းဆီးရမိရေးအတွက် စုံစမ်းဆောင်ရွက်နေကြောင်း ရန်ကုန်တောင်ပိုင်းခရိုင် ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။
Credit To >>> The Voice Weekly

0 comments:

Post a Comment