Tuesday, April 5, 2016

ပြည်လမ်းမပေါ် ဆောက်လုပ်မည့် မဏ္ဍပ်များတွင် လက်မှတ်များကို Member ပုံစံဖြင့် ၀ယ်ယူကာ ရေကစားခွင့်ပြုမည်ဖြစ်ပြီး ယခင်နှစ်ထက် ဈေးနှုန်းနှစ်ဆ မြင့်တက်နေ


ပြည်လမ်းမပေါ်တွင် ဆောက်လုပ်မည့် မဏ္ဍပ်များတွင် လက်မှတ်များကို Member ပုံစံဖြင့် ၀ယ်ယူကာ ရေကစားခွင့်ပြုမည်ဖြစ်ပြီး ယခင်နှစ်ထက် ဈေးနှုန်း နှစ်ဆမြင့်တက်နေကြောင်း သိရသည်။
“ညီမတို့က မဏ္ဍပ်ဆောက်ဖြစ်တယ်။ လက်မှတ်ကလည်း မရောင်းရဘူးလို့ စည်းကမ်းချက်ထဲမှာ လက်မှတ်ထိုးထားတော့ ညီမတို့က လက်မှတ်တော့ မရောင်းဘူး။ ဒါပေမဲ့ မရောင်းလို့လည်း အဆင်မပြေဘူးလေ။ ညီမတို့မှာ မြေငှားခချည်းပဲ ၅ ရက်ကို သိန်း ၁၃၀၀ ပေးထားရတယ်။ အဲဒီတော့ Member ပုံစံနဲ့ပဲ ၀ယ်လို့ရအောင် လုပ်ပေးထားတယ်။ လက်မှတ်က လောလောဆယ်မှာ ရှစ်သောင်းပေါက်ပါတယ်” ဟု ပြည်လမ်းတွင် မဏ္ဍပ်ဆောက်လုပ်မည့် စီစဉ်သူတစ်ဦးက ဆိုသည်။

ထို့ပြင် ရန်ကုန်သင်္ကြန်တွင် စီးပွားဖြစ် သင်္ကြန်မဏ္ဍပ်များ ဆောက်လုပ်ခွင့် မပြုတော့သဖြင့် လက်မှတ်များ ရောင်းချထားသည့် ကန်ပတ်လမ်းနှင့် ကမ္ဘာအေးစေတီလမ်းမှ မဏ္ဍပ်အချို့ ငွေပြန်အမ်းသွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။

“ကျွန်မတို့က ကုမ္ပဏီက ဆောက်တာဆိုတော့ လက်မှတ်ကို ကုမ္ပဏီကလုပ်တဲ့ အစီအစဉ်တွေမှာပါရင် ပြန်ပြီး လက်ဆောင်ပေးသွားမယ်။ ၀ယ်ထားပြီးသား လက်မှတ်တွေကိုလည်း အလကားအနေနဲ့ပဲ ပေးသွားဖို့ အစီအစဉ်ရှိပါတယ်” ဟု ပြည်လမ်းမှ နာမည်ကြီးမဏ္ဍပ်တစ်ခု စီစဉ်သူက ပြောကြားသည်။

“ကမ္ဘာအေးဘုရားလမ်းမှာ ကြေညာထားတဲ့ မဏ္ဍပ်ကနေ ပြည်လမ်းကို ပြန်ပြောင်းတော့ လက်မှတ် တစ်စောင်ကို ရှစ်သောင်းနဲ့ ၀ယ်ရတယ်။ ဈေးတွေကတော့ မနှစ်ကဆို သင်္ကြန်ရက်အားလုံးမှ လေးသောင်းကျော်ပဲ ရှိတာ။ ဒီနှစ်ကဈေးက တအားများတယ်” ဟု သင်္ကြန်တွင်း မဏ္ဍပ်ထိုင်မည့် မမျိုးမျိုးက ဆိုသည်။

ယခုနှစ် သင်္ကြန်အတွက် စီးပွားရေးအရ လုပ်သည့်မဏ္ဍပ်များကို ခွင့်ပြုမည်မဟုတ်သဖြင့် မဏ္ဍပ်အများစုမှာ ပြည်လမ်းသို့ ပြောင်းရွှေ့ကာ ခြံငှားရမ်း လုပ်ဆောင်ထားကြောင်း သိရသည်။

သင်္ကြန်မဏ္ဍပ် ဆောက်လုပ်ခွင့်များကို ခွင့်မပြုခြင်းမှာ သင်္ကြန်အကြောင်းပြကာ စီးပွားရှာသူများ၊ ယာဉ်လမ်းကြောပိတ်ဆို့မှုများ၊ စည်းကမ်းမဲ့ ရန်ဖြစ်ခြင်းများ၊ ၀တ်စားဆင်ယင်မှုများ စည်းကမ်းမဲ့လာခြင်းများကို ထိန်းချုပ်နိုင်ရန်အတွက် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

သင်္ကြန်မဏ္ဍပ်များအား ခွင့်မပြုဟု မကြေညာခင်က မဏ္ဍပ်ဈေးနှုန်းများမှာ ရက်အားလုံးအတွက် ကျပ်သုံးသောင်းခွဲမှ ခြောက်သောင်းကျော်အထိသာ ရှိနေသော်လည်း ယခုထုတ်ပြန်ပြီး နောက်ပိုင်းတွင် ဈေးနှုန်း မြင့်တက်လာကာ ကျပ်ရှစ်သောင်းကျော်အထိ ပေါက်ဈေးရှိနေပြီး သင်္ကြန်မတိုင်မီ ကြိုတင်လက်မှတ် ၀ယ်ယူထားပြီးသူများမှာ လူမှုကွန်ယက်များတွင် ညှိနှိုင်းဈေးများဖြင့် ပြန်လည်ရောင်းချနေကြကြောင်း သိရသည်။

Credit  To >>> Eleven Media Group

0 comments:

Post a Comment