Tuesday, April 5, 2016

မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲ၏ နောက်ဆက်တွဲဂယက်

ရုပ်ရှင်ချစ်ပရိသတ်များနှင့် ရုပ်ရှင်လောကသားများ ရင်ခုန်စွာမျှော်လင့်စောင့်စားခဲ့သည့် မြန်မာ့ရုပ်ရှင်ထူးချွန် ဆုချီးမြှင့်ပွဲကြီး ဧပြီ ၃ ရက်က အောင်မြင်စွာကျင်းပပြီးစီး ခဲ့ပြီဖြစ်သည်။

သို့သော် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲတွင် ပေးအပ်သည့်ဆုများထဲမှ အမျိုးသားဇာတ်ဆောင်ဆုနှင့် အမျိုးသားဇာတ်ပို့ဆု ပေးအပ်ချီးမြှင့်မှုနှင့် စပ်လျဉ်းပြီး ရုပ်ရှင်ချစ်ပရိသတ်များနှင့် အနုပညာရှင် ရုပ်ရှင်လောက သားများအကြား နောက်ဆက်တွဲ ဝေဖန်မှုဂယက်ရိုက်ခတ်မှု များရှိခဲ့သည်။
ဒါရိုက်တာ မောင်သီ၏ လူမှုကွန်ရက်စာမျက်နှာတွင် ''အားလုံးကထင်ထားတဲ့ ခင်လှိုင်ကိုမပေးဘဲ ဗေလုဝကို ပေးလိုက်တဲ့နောက်ကွယ်မှာ အကြောင်းရှိမယ်လို့ ယူဆမိပါတယ်။ ဗေလုဝကိုပေးချင်ရင် နေတိုးကိုဖြုတ်ပြီး ၂ဝ၁၅ ဇာတ်ဆောင်ဆုပေးရမှာပါ။ ဇာတ်ကားအရ ဗေလုဝဟာ အဓိကဇာတ်ဆောင်ဖြစ်ပါတယ်''ဟု အကယ်ဒမီရွေးချယ် ရေးအဖွဲ့သို့ ရည်ညွှန်းရေးသားထားသည်ကို တွေ့ရမည်ဖြစ်သည်။
သရုပ်ဆောင်၊ ဒါရိုက်တာ ဦးဇင်ဝိုင်းက'' ကိုဗေလုဝနဲ့ မဂွမ်းက ဤအရာ ကိုအချစ်ဟုခေါ်သလား ဇာတ်ကားမှာ အဓိကသရုပ်ဆောင်တွေပါ။ ကိုနိုင်းနိုင်းတို့ မိုးဟေကိုတို့က ဒီဇာတ်ကားမှာ မေတ္တာနဲ့ပါဝင်တဲ့ အထူးသရုပ်ဆောင်တွေပါ။ ကိုခင်လှိုင်က ဒီဇာတ်ကားမှာ ဇာတ်ပို့ပါ။ ကျွန်တော်တို့နိုင်ငံမှာက လွဲချော်မှုတွေ တော်တော်ရှိခဲ့ဖူးတယ်။ အဓိကသရုပ်ဆောင်ဆိုတာဘာလဲ။ ဇာတ်ပို့သရုပ်ဆောင်ဆိုတာ ဘာလဲဆိုတဲ့ ကွဲလွဲတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေ မရှိခဲ့ဘူး။ တစ်ချိန်တုန်းကလည်း ဒီလိုမျိုးတွေဖြစ်ခဲ့ဖူးတယ်''ဟု ပြောသည်။
''၁၉၉၄ ခုနှစ် အကယ်ဒမီဆုပေးပွဲတုန်းကလည်း ဒီလိုမျိုးဖြစ်ခဲ့ဖူးတယ်။ ဦးဇော်လင်းက ဇာတ်ပို့ဆုနဲ့ တစ်ကြိုပြေးနေတဲ့အချိန် တကယ်တမ်းပေးခဲ့တော့ ဦးကျော်ဟိန်းကို ဝေလည်းမွှေး ကြွေလည်းမွှေး ဇာတ်ကားနဲ့ ဇာတ်ပို့ဆုပေး လိုက်တယ်။ တကယ်တမ်း ဦးကျော်ဟိန်းက အဲဒီဇာတ်ကားမှာ ဇာတ်ပို့မဟုတ်ဘူး။ အဓိကသရုပ်ဆောင်ပါ။ အဲဒီလို ပေးလိုက်တဲ့အတွက် အဲဒီတုန်းက ဦးကျော်ဟိန်းလည်း အဓိကသရုပ်ဆောင်ဆုမရဘဲ ဇာတ်ပို့ဆုရသွားတဲ့ အတွက် သူ့အတွက်နစ်နာပါတယ်။ ဒီလိုပဲ တစ်ဖက်က တကယ်ရသင့်ရထိုက်တဲ့ ဦးဇော်လင်းလည်းမရဘဲ နောင်နှစ် သူကွယ်လွန်ပြီးမှ ရသွားတယ်။ ကျွန်တော်တို့လောကအတွက် နစ်နာမှုတွေများခဲ့တယ်''ဟု ဦးဇင်ဝိုင်းက သုံးသပ်သည်။
ရုပ်ရှင်သရုပ်ဆောင် ဦးကျော်ထူးက ''ကိုယ့်လောကသားတွေ ဘယ်သူတွေ ဘာရရ ဝမ်းသာပါတယ်။ ဒီနှစ်မှာ ထူးထူးခြားခြား ကျွန်တော်တို့လောကသားထဲက ဇာတ်ပို့ဇာတ်ရံ အစစ်ဖြစ်တဲ့ မဂွမ်းပုံရသွားတာ ဝမ်းသာတယ်။ ဒီနှစ် အကယ်ဒမီပေးပွဲနဲ့ပတ်သက်ပြီး ပြောရရင် အကဲဖြတ်လူကြီးတွေ၊ စိစစ်တဲ့ သူတွေက ဇာတ်ပို့ဇာတ်ရံနဲ့ အဓိကဇာတ်ဆောင်ကို ခွဲခြားတတ်ဖို့လိုတယ် လို့မြင်တယ်။ မရတဲ့သူတွေအတွက် စိတ်မကောင်းဘူး'' ဟုပြောသည်။
အဆိုပါ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုရွေးချယ်မှုနှင့် စပ်လျဉ်းပြီး မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဒုတိယဥက္ကဋ္ဌ ဦးအေးကြူလေးက ''အကဲဖြတ်တွေ အကုန်လုံးက အနုပညာတစ်ခုတည်းပဲ ကြည့်တယ်။ ကျန်တာဘာမှမကြည့်ဘူး။ ဘယ်ဇာတ်ကားကကောင်းတယ်။ ဘယ်သရုပ်ဆောင်က ကောင်းတယ်။ အပြိုင် ဖြစ်နေရင် မဲနဲ့ရွေးတာ။ အရင်လိုမဟုတ်ဘူး၊ အရင်တုန်းက ၁၇ ယောက်လုံးက ပေးတာ။ အခုပေးတယ်ဆိုတာက သရုပ်ဆောင်ကို အကဲဖြတ်တဲ့သူ ခုနစ်ယောက်က မဲပေးတာ။ ကျန်တဲ့သူက ဘာမှလုပ်လို့မရဘူး။ သွားပြောလို့ လည်းမရဘူး။ ရုပ်ရှင်အစည်းအရုံးကလည်း သူတို့အပေါ်ချုပ်ကိုင်တာမရှိဘူး။ လွတ်လပ်စွာမဲပေးကြတာ''ဟု ပြောသည်။
တာမွေမြို့နယ်နေ မဖြိုးဖြိုးက ''အမျိုးသားဇာတ်ပို့ဆုကို ဦးခင်လှိုင်ကို ထင်ထားခဲ့တာ။ ရမသွားတဲ့အတွက် စိတ်မကောင်းဖြစ်မိတယ်။ အကယ်ဒမီကသာ ပြီးသွားတယ်။ လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ အကယ်ဒမီက မပြီးသေးဘူး။ ဝေဖန်မှုတွေကို တွေ့နေရတယ်။ အကယ်ဒမီပေးပွဲပြီးတိုင်းကြား နေရတဲ့စကားသံတွေပေါ့။ နောင်နှစ်တွေတော့ မပြောတတ်ဘူး''ဟု ပြောသည်။
ယခုနှစ် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ကျင်းပသည့် ၂ဝ၁၄ ခုနှစ်နှင့် ၂ဝ၁၅ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲတွင် ချီးမြှင့်သည့်ဆုများ ထဲမှ ၂ဝ၁၅ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို သရုပ်ဆောင်နေတိုးကလည်းကောင်း၊ ၂ဝ၁၄ ခုနှစ်အတွက် အမျိုးသား ဇာတ်ဆောင်ဆုကို ပြေတီဦးကလည်းကောင်း ရရှိခဲ့ပြီး ၂ဝ၁၅ ခုနှစ်အတွက် အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆုကို ရုပ်ရှင်သရုပ်ဆောင် ဗေလုဝက လည်းကောင်း၊ ၂ဝ၁၄ ခုနှစ်အတွက် အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆုကို ရုပ်ရှင် သရုပ်ဆောင် ဇင်ဝိုင်းကလည်းကောင်း အသီးသီးရရှိခဲ့သည်။
Credit To >>> The Mirror Daily

0 comments:

Post a Comment