Thursday, April 28, 2016

ကချင်ပြည်နယ် မြောက်ပိုင်း ဒေသများတွင် မိုးကြီးပြီး ဆော့လော်မြို့နယ် မေခမြစ်ကမ်းပေါ်မှ လန်ဆယ်ကျေးရွာမှ အိမ်ခြေ ၅၀ ကျော်နှင့် တံတား ခုနစ်စင်း ရေထဲမျောပါ

ကချင်ပြည်နယ် မြောက်ပိုင်းဒေသများတွင် မိုးကြီးပြီး ဆော့လော်မြို့နယ် လန်ဆယ်ကျေးရွာမှ အိမ်ခြေ ငါးဆယ်ကျော်နှင့် ချီဖွေနှင့် ဆော့လော်မြို့နယ်များ အတွင်းရှိ တံတား ခုနစ်စင်း ရေထဲ မျောပါသွားကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဌာနမှ ပြောကြားသည်။
ဖြစ်စဉ်မှာ ဧပြီ ၂၄ ရက် မွန်းလွဲ ၂ နာရီခန့်တွင် ဖြစ်ပေါ်ခဲ့ပြီး မိုးကြီးမှုကြောင့် သစ်ပင်ဖြတ်ပိုင်းများ မေခမြစ်ဖျားအတွင်း မျောပါလာက မြစ်ကမ်းပေါ်ရှိ လန်ဆယ်ကျေးရွာမှ အိမ်ခြေ ငါးဆယ်ကျော်မှာ ရေထဲမျောပါသွားရခြင်းဖြစ်ကြောင်း သိရသည်။

ကချင်ပြည်နယ် လူမှုရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက “အဲဒီ ဒေသက လမ်းပန်းဆက်သွယ်ရေး ညံ့တော့ သတင်းတွေက စက်နဲ့ ဆက်သွယ်လို့ရတဲ့ သတင်းတွေ ဖြစ်နေတယ်။ မြစ်အတွင်း သစ်ပင်ဖြတ်ပိုင်းတွေ၊ အမှိုက်တွေ ပိတ်ဆို့ပြီး မြစ်ဘေးက အိမ်ငါးဆယ်ကျော် ရေထဲပါသွားတယ်လို့ သတင်းပို့တယ်။ သံတံတား သုံးစင်း၊ သစ်သားတံတား လေးစင်း ရေထဲ ပါသွားတယ်။ ပေတစ်ရာကျော်တဲ့ တစ်စင်း ပါတယ်။ ကျန်တာ ဆက်သွယ်ရေးခက်လို့ ဘာမှမသိရဘူး။ လူ အသေအပျောက် မရှိဘူး။ အစိုးရဘက်က အိမ်ဆောက်ရင် ငွေကူညီဖို့ ညှိနှိုင်းနေတယ်” ဟု ပြောကြားသည်။

ချီဖွေမြို့မှ ဒေသခံများက ယခု မိုးရွာသွန်းမှုကြောင့် ဒေသခံ တောင်သူများ တောင်ယာမီးရှို့ချိန်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အခက်အခဲ ဖြစ်နေပြီး တောင်ယာ လုပ်ငန်းခွင်တွင် ထိခိုက်နိုင်ကြောင်း ပြောကြားသည်။

ချီဖွေ ဒေသခံများက “ရေက နှစ်တိုင်း ဒီအချိန်မှာ ဒီလောက် မတက်ဘူး၊၊ မိုးလည်း အရမ်းရွာသွားတယ်။ လန်ဆယ်ဘက်မှ အိမ်တွေ ရေထဲ ပါသွားတာ သူတို့ဘက်က ဆင်းလာတဲ့လူတွေ ပြောနေကြတယ်။ မေခမြစ်ထဲမှာလည်း သစ်တိုတွေ၊ သစ်ပင်တွေ၊ အမှိုက်တွေ ပြည့်နေအောင်ကို မျောတာ။ တောင်ယာလည်း မီးရှို့ရမယ့် အချိန်မှာ အပင်ခြောက်တွေ ပုပ်ကုန်တော့ မီးရှို့ရ ခက်ကုန်ပြီ။ တောင်ယာလုပ်ငန်းတော့ ထိခိုက်လာနိုင်တယ်” ဟု ပြောကြားသည်။

ကချင်ပြည်နယ်တွင် ဧပြီ ၂၂ ရက် နောက်ပိုင်း မြစ်ရေတက်မှုကြောင့် သီးနှံစိုက်ဧက ရာချီ ထိခိုက်ခဲ့ပြီး ဒေသခံတောင်သူ ၇၀၀ နီးပါး ထိခိုက်ခဲ့ကြောင်း ပြည်နယ်အစိုးရ စာရင်းများအရ သိရသည်။

ဧပြီ ၁၉ ရက်နောက်ပိုင်း မိုးသီးကြွေခြင်း၊ လေပြင်းတိုက်ခြင်းတို့ကြောင့် မြန်မာနိုင်ငံ ဒေသ အနှံ့အပြားတွင် မြို့နယ်ပေါင်း ၃၉ မြို့နယ် ထိခိုက်ပြီး လူသေဆုံးမှု ၁၄ ဦး၊ ဒဏ်ရာရ ၁၈ ဦး၊ ထိခိုက်ပျက်စီး အိမ်အလုံးပေါင်း ၁၁၆၀၀ တွင် ၁၁၀၀ ကျော်မှာ လုံးဝ ပျက်စီးသွားကြောင်း United Nations OCHA Myanmar က ဧပြီ ၂၅ ရက်က ကနဦး သတင်းထုတ်ပြန်ခဲ့သည်။
Credit To >>> Eleven Media Group

0 comments:

Post a Comment