Thursday, April 28, 2016

MPU ကတ်အား MasterCard နှင့် ပူးပေါင်းဆောင်ရွက်ရန် စီစဉ်နေ

လက်ရှိတွင် MasterCard ကုမ္ပဏီနှင့် စကားပြောနေသည့် အဆင့်သာရှိသေးကြောင်း Myanmar Payment Union ၏ ဥက္ကဋ္ဌ ဦးမြသန်းက ပြောသည်။

“Master နဲ့ စကားပြောနေတယ်။ အခုလက်ရှိ မြန်မာနိုင်ငံမှာက MasterCard တွေသုံးနေတယ် ဆိုပေမယ့် MPU နဲ့မလုပ်ဘူး။ ဘဏ်တစ်ခုချင်းစီနဲ့ သွားနေတာ။ အဲ့ဒီ MasterCard ကိုင်လာတဲ့ နိုင်ငံခြားသားတစ်ယောက်ဟာ ဒီမှာဝယ်မယ်ဆိုလို့ရှိရင် သူနဲ့သဘောတူထားတဲ့ လုပ်ငန်းတွေမှာပဲ ဝယ်လို့ရမယ်။ ATM ဆိုရင်လည်း အဲဒီဘဏ်ရဲ့ ATM တွေမှာပဲ ငွေထုတ်လို့ရမယ်။ တစ်ခြားဘဏ်တွေမှာ မရဘူး။ တကယ်လို့ MPU နဲ့သာ ပူးပေါင်းလိုက်မယ်ဆိုရင် လမ်းမှာတွေ့သမျှ ATM မှာ ငွေထုတ်လို့ရမယ်။ လမ်း မှာတွေ့သမျှဆိုင်တွေမှာ ကတ်လက်ခံရင် ဝယ်လို့ရမယ်” ဟု ပြောကြားသည်။
ထိုသို့ ပူးပေါင်းဆောင်ရွက်နိုင်ပါက ငွေပေးချေမှုဆိုင်ရာတွင် အကျိုးရလဒ်များစွာ ရလာမည်ဟု သိရသည်။ MasterCard ကုမ္ပဏီအနေဖြင့် ပြည်တွင်း ဘဏ်အချို့နှင့်ပူးပေါင်း၍ အသုံးပြုနိုင်အောင်လည်း ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရသည်။
“သူတို့နိုင်ငံသားတွေ မြန်မာနိုင်ငံကိုလာပြီး အလုပ်လုပ်ကြတာ ရှိတယ်။ အဲ့ဒီ အလုပ်လုပ်ကြတဲ့သူတွေမှာ ပါလာတဲ့ ကတ်နဲ့ မြန်မာနိုင်ငံကတ်နဲ့ တွဲပြီးအသုံးပြုလို့ရလို့ရှိရင် သူတို့အတွက် အများကြီးအကျိုးရှိမယ်။ ငွေပေးချေမှုစနစ်တွေ ကောင်းကောင်းရှိမှပဲ နိုင်ငံရဲ့စီးပွားရေးက အထောက်အကူပြုမယ်” ဟု ဆက်လက်ပြောကြားသည်။
MasterCard မှာ ကမ္ဘာတစ်ဝန်း လူအများဆုံးအသုံးပြုသော ငွေပေးချေမှု ကတ်အမျိုးအစားများထဲမှ တစ်ခုဖြစ်သည်။ MPU အနေဖြင့် MasterCard နှင့် ပူးပေါင်းဆောင်ရွက်ရန် စကားပြောနေသော်လည်း Visa Card ကုမ္ပဏီနှင့် ပြောကြားခြင်းမရှိသေးကြောင်း ဆိုသည်။
Credit To >>> Internet Journal

0 comments:

Post a Comment