Monday, March 28, 2016

ရန်ကုန်မြို့၏ ရေပေးဝေရေး လုပ်ငန်းတွင် ဘဏ္ဍာငွေများစွာ သုံးထားသည့်အတွက် ပြည်သူများ၏ ရေရရှိမှု မည်မျှတိုးတက်လာသည်ကို အစိုးရသစ်အနေဖြင့် စိစစ်သုံးသပ်ရန် NLD လွှတ်တော်ကိုယ်စားလှယ် အကြံပြု

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ရန်ကုန်မြို့၏ ရေပေးဝေရေး လုပ်ငန်းများအတွက် ဘဏ္ဍာငွေများစွာ အသုံးပြုထားသည့်အတွက် ရန်ကုန်မြို့နေ ပြည်သူများ၏ ရေရရှိမှု အခြေအနေ မည်မျှတိုးတက် ကောင်းမွန်လာသည်ကို အစိုးရသစ်အနေဖြင့် စိစစ်သုံးသပ်ရန် မတ် ၂၅ ရက်တွင် ပြုလုပ်ခဲ့သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေးတွင် NLD မှ စမ်းချောင်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးသော်တာအောင်က အကြံပြုခဲ့သည်။

၂၀၁၆ ခုနှစ် ရန်ကုန်တိုင်း ဒေသကြီး၏ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဥပဒေကြမ်းကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်၌ ဆွေးနွေးရာတွင် ဦးသော်တာအောင်က ယင်းသို့ အကြံပြုခဲ့ခြင်းဖြစ်သည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသည် စုစုပေါင်း သုံးငွေ၏ ၅၆ ရာခိုင်နှုန်းကို ငွေလုံးငွေရင်း အသုံးစရိတ် အနေဖြင့် သုံးစွဲထားရန် တင်ပြထားပြီး ငွေလုံးငွေရင်း အသုံးစရိတ်၏ ရာခိုင်နှုန်း ၅၀ သည် ရေပေးဝေရေး လုပ်ငန်းအတွက် သုံးစွဲမည်ဟု တင်ပြထားကြောင်း၊ ပြီးခဲ့သည့်နှစ်များကလည်း ရေပေးဝေရေး လုပ်ငန်းများအတွက် ဘဏ္ဍာငွေ အမြောက်အမြား သုံးစွဲခဲ့သည်ကို တွေ့ရကြောင်း ဦးသော်တာအောင်က ထည့်သွင်း ဆွေးနွေးခဲ့သည်။

“အဲဒီအတွက် ဒီလောက်များပြားတဲ့ ဘဏ္ဍာငွေကြေးတွေကို ရေပေးဝေရေး လုပ်ငန်းမှာ သုံးထားရင် ကျွန်တော်တို့ ပြည်သူများရဲ့ ရေရရှိမှု အခြေအနေဟာ ဘယ်လောက်အထိ တိုးတက်ကောင်းမွန်လာသလဲ။ ဒါကိုလည်း လာမယ့်အစိုးရသစ် အနေနဲ့ စိစစ်သုံးသပ်ဖို့ အကြံပြု တင်ပြလိုပါတယ်” ဟု ဦးသော်တာအောင်က ပြောကြားသည်။

ဆက်လက်၍ ၎င်းက “ကျွန်တော့် မဲဆန္ဒနယ်ဖြစ်တဲ့ စမ်းချောင်းမြို့နယ်မှာ ရာခိုင်နှုန်း အများစုဟာ မြေအောက်ရေ (သို့မဟုတ်) အ၀ီစိတွင်းကိုပဲ အားကိုနေရတာ ဖြစ်ပါတယ်။  မြေအောက်ရေ အလွန်အကျွံ ထုတ်ယူသုံးစွဲခြင်းသည် ကျွန်တော်တို့ မြို့ပြဒေသတွေ၊ အထပ်မြင့် အဆောက်အအုံ ဆောက်လုပ်ထားတဲ့ ဒေသတွေအတွက် အင်မတန် အန္တရာယ် ဖြစ်လာနိုင်တဲ့ ကိစ္စဖြစ်ပါတယ်။ ရေပေးဝေ ရေးလုပ်ငန်းတွေမှာ သုံးစွဲတဲ့ ဘတ်ဂျက်များပြားခြင်းကို ပြည်သူတွေအတွက် ထိထိရောက်ရောက် လုပ်ဆောင်ပေးနိုင်ဖို့ အကြံပြု ဆွေးနွေးလိုပါတယ်” ဟု ပြောကြားသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက လာမည့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ငွေလုံးငွေရင်း အသုံးစရိတ် အနေဖြင့် ကျပ်သန်းပေါင်း ၁၂၇၉၁၇ ဒသမ ၆၁၆ တောင်းခံထားပြီး ယင်းအထဲမှ ရေပေးဝေရေး လုပ်ငန်းအတွက် ကျပ်သန်းပေါင်း ၆၄၄၈၉ ဒသမ ၇၃၀ တောင်းခံထားခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိ ရန်ကုန်မြို့တော်တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက တစ်ရက်ရေဂါလန် ၂၀၅ သိန်းပေးဝေလျက်ရှိပြီး ရန်ကုန်တစ်မြို့လုံး အနေဖြင့် ရေဖူလုံအောင် ပေးဝေနိုင်ခြင်း မရှိသေးကြောင်း သိရသည်။
ရေဖူလုံစွာ ပေးဝေနိုင်ရန်အတွက် ရေပေးဝေရေး စီမံကိန်း အသစ်များ အကောင်အထည် ဖော်နေကြောင်း၊ ယင်းအထဲမှ ဒဂုံမြို့သစ်တောင်ပိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊ ဒဂုံမြို့သစ် အရှေ့ပိုင်း၊ ဒဂုံမြို့သစ် ဆိပ်ကမ်း၊ သာကေတ၊ ဒေါပုံမြို့နယ်နှင့် သီလ၀ါ အထူးစီးပွားရေးဇုန်တို့ကို တစ်နေ့ ရေဂါလန် သန်း ၄၀ ပေးဝေမည့် လဂွန်းပြင် ရေပေးဝေရေး စီမံကိန်း အသစ်ကို အကောင်အထည် ဖော်နေပြီး လာမည့် ၂၀၁၉ ခုနှစ် ဇွန်တွင် ပြီးစီးမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ထုတ်ပြန်ထားသည်။
Credit To >>> Eleven Media Group

0 comments:

Post a Comment