Monday, March 28, 2016

ဆီးရီးယား အစိုးရတပ်များက ပါမီရာတစ်မြို့လုံးကို IS တို့လက်မှ ပြန်လည်သိမ်းပိုက်

ရုရှားတပ်ဖွဲ့များက ကျောထောက်နောက်ခံ ပြုပေးထားသော ဆီးရီးယားအစိုးရတပ်များသည် ထင်ရှားသော ရှေးဟောင်းမြို့  ပါမီရာတစ်မြို့လုံးကို  IS တို့လက်မှ မတ် ၂၇ ရက်တွင် ပြန်လည်သိမ်းပိုက်လိုက်ကြောင်း သိရသည်။ ပါမီရာမြို့ကို ပြန်လည်သိမ်းယူနိုင်ခြင်းသည် သမ္မတ ဘာရှားအယ်အာဆတ်အတွက် မဟာဗျူဟာကျပြီး အထင်ကရဖြစ်သည့် အောင်ပွဲတစ်ခု ဖြစ်လာခဲ့သည်။

ပါမီရာမြို့၏ ရှေ့ဟောင်းအဆောက်အအုံ အပျက်အစီးများတွင် IS တို့ ထောင်သွားခဲ့သည့် ဗုံးများ၊ မိုင်းများကို စစ်အင်ဂျင်နီယာများက ရှင်းလင်းခဲ့ရကြောင်း သိရသည်။ ယူနက်စကို စာရင်းဝင် ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်နေရာဖြစ်သော ပါမီရာရှိ အဖိုးတန် အဆောက်အအုံများကှို IS ဂျီဟတ်များက စနစ်တကျ ဖျက်ဆီးခဲ့စဉ်က တစ်ကမ္ဘာလုံးက ဒေါသတကြီး ကန့်ကွက်ခဲ့ကြသည်။ "တစ်ညလုံး အပြင်းအထန်တိုက်ခိုက်ခဲ့ကြပြီးနောက် စစ်တပ်ဟာ ပါမီရာတစ်ခုလုံးကို အပြည့်အ၀ ထိန်းချုပ်သွားနိုင်ပါပြီ။ မြို့ထဲက ရှေးဟောင်းနေရာတွေရော လူနေအဆောက်အအုံတွေကိုပါ ထိန်းချုပ်သွားနိုင်တာ ဖြစ်ပါတယ်"ဟု စစ်တပ် သတင်းရင်းမြစ်က အေအက်ဖ်ပီသတင်းဌာနသို့  ပြောကြခဲ့သည်။ IS တို့ကမူ အရှေ့ ဘက်ရှိ ဆက်ခနာနှင့် ဒါးအစ်ဇာမြို့များသို့ ဆုတ်ခွာသွားခဲ့ကြကြောင်း သိရသည်။
IS အဖွဲ့သည် ပါမီရာမြို့ဟောင်းနှင့် ကပ်လျက်တည်ရှိသော မြို့သစ်နှစ်ခုစလုံးကို ၂၀၁၅ ခုနှစ် မေလက သိမ်းယူခဲ့သည်။ ထိုအချိန်မှစ၍  IS တို့သည် အောင်ပွဲခံမုခ်ဦး၊ အဖိုးတန် ဘုရားကျောင်းနှစ်ခုနှင့် သချိုင်းဂူပေါင်း တစ်ဒါဇင်ခန့်ကို စနစ်တကျ ဖျက်ဆီးခဲ့ကြသည်။ ယင်းလုပ်ရပ်များကို ယူနက်စကိုက အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်ခုံရုံးတွင် ရုံးတင်စစ်ဆေးရမည့် စစ်ရာဇ၀တ်မှုများဟု ခေါ်ဆိုခဲ့သည်။
ယခု ပါမီရာစစ်ပွဲတွင် IS တိုက်ခိုက်ရေးသမား ၄၀၀ ထက်မနည်းသေဆုံးခဲ့သည်ဟု ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်သည့် အဖွဲ့က ပြောကြားခဲ့သည်။"ဒီပမာဏဟာ  IS အဖွဲ့စဖွဲ့ခဲ့တဲ့ ၂၀၁၃ ခုနှစ် နောက်ပိုင်း စစ်ပွဲတစ်ပွဲထဲမှာ အများဆုံးသေဆုံးခဲ့တဲ့ IS တိုက်ခိုက်ရေးသမား အရေအတွက် ဖြစ်ပါတယ်" ဟု ယင်းအဖွဲ့၏ ဒါရိုက်တာက ပြောကြားခဲ့သည်။
ပါမီရာမြို့ကို ပြန်သိမ်းလိုက်နိုင်သည့်အတွက် IS တို့၏ မြို့တော်ရာကာကိုပါ သိမ်းပိုက်နိုင်ရန် ဆီးရီးယားတပ်များအတွက် တွန်းအားဖြစ်လာခဲ့သည်။ ပါမီရာနှင့် ရာကာတို့ကြားတွင် ဆက်သွယ်ထားသည့် လမ်းကိုလည်း အစိုးရတပ်များက သိမ်းပိုက်ထားနိုင်ပြီဖြစ်သည်။ ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ပါမီရာမြို့ကို ပြန်သိမ်းရာတွင် အာဆတ်အစိုးရကိုကူညီရန် ယခုအစောပိုင်းကတည်းက ကတိပြုခဲ့သည်။ မတ် ၂၅ ရက်မှ ၂၆ ရက် အတွင်းမှာပင် ရုရှားတိုက်လေယာဉ်များသည် အကြိမ်ပေါင်း ၄၀ ပျံတက်ခဲ့ပြီး ပါမီရာရှိ ပစ်မှတ်ပေါင်း ၁၅၈ ခုကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည်ဟု သိရသည်။
Credit To >>> Eleven Media Group
  

0 comments:

Post a Comment