Monday, March 28, 2016

ကန်ပိုက်တီးဒေသတွင် လီဆူးတိုင်းရင်းသား လေးဦး အသတ်ခံရမှု သမ္မတ၊ ကာကွယ်ရေး ဦးစီးချုပ်နှင့် ကေအိုင်အေ စစ်ဦးစီးချုပ်ရုံးသို့ ဖြေရှင်းပေးရန် တောင်းဆို

ကန်ပိုက်တီးဒေသတွင် လီဆူးတိုင်းရင်းသားလေးဦး အသတ်ခံရမှု သမ္မတ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ကေအိုင်အေ စစ်ဦးစီးချုပ်ရုံးသို့ ဖြေရှင်းပေးရန် လီဆူးအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) က မတ် ၂၄ ရက်က တောင်းဆိုခဲ့ကြောင်း သတင်းရရှိသည်။

အသတ်ခံရသူများသည် ကန်ပိုင်တီးဒေသ မားဆကျေးရွာ၊ ဘွန်ဆင်ကျေးရွာ၊ ငွါးလေးကျေးရွာ တို့မှဖြစ်ပြီး အသတ်ခံရသူ အားလုံးမှာ ၂၀၁၆ ခုနှစ် ဇန်န၀ါရီ ၁၄ ရက်တွင် တစ်ဦးနှင့် ကျန်အသတ်ခံရသူ သုံးဦးသည် ဘိန်းစိုက်တောင်သူများနှင့် ပက်ဂျဆန်အဖွဲ့တို့ ပဋိပက္ခနောက်ပိုင်း အသတ်ခံရခြင်းဖြစ်ကြောင်း သိရသည်။ ယင်းသတင်းထုတ်ပြန်မှုနှင့် ပတ်သက်ပြီး လီဆူးအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) မှ ဥက္ကဋ္ဌဖြစ်သူ ဦးဆီဖာလာလူး (ခ) ဦးရွှေမင်းက "အသတ်ခံရသူတွေက ဆဒုံးကျေးရွာဘက်က ကျေးရွာတွေက ၂၀၁၆ ခုနှစ် အတွင်းမှာ လေးဦးအသတ် ခံရပါတယ်။ တစ်ဦးက နှစ်ဆန်းပိုင်းက ဖြစ်တာပါ။ သုံးဦးက ပက်ဂျဆန်နဲ့ ပဋိပက္ခပြီး နောက်ပိုင်းမှာ ဖြစ်သွားတာပါ။ ဒေသကတော့ ကေအိုင်အေ လက်နက်ကိုင် ထိန်းချုပ်တဲ့ နယ်မြေလို့ပဲ ပြောရမယ်။ ဘိန်းခင်းကိစ္စနဲ့တော့ ပတ်သက်နေတယ်လို့ သုံးသပ်ပါတယ်။ ကျွန်တော်တို့ကတော့ နိုင်ငံတော်သမ္မတ၊ ကာချုပ်၊ တိုင်းဒေသကြီး အစိုးရ၊ သက်ဆိုင်ရာနဲ့ ကေအိုင်အေရဲ့ စစ်ဦးစီးချုပ်ရုံးကို တင်ပြထားပါပြီ။ လူမျိုးရေးကို ဦးတည်တိုက်ခိုက်ပြီး ပဋိပက္ခဖြစ်အောင် လုပ်တယ်လို့ပဲ မြင်ပါတယ်။ ပါတီအနေနဲ့ကတော့ ဥပဒေဘောင် အတွင်းမှာ ရှိနေတဲ့အတွက် ကေအိုင်အို၊ ကေအိုင်အေနဲ့ တော့ သွားရောက် ဆွေးနွေးမှာ မဟုတ်ပါဘူး။ စာပေ၊ ယဉ်ကျေးမှု အဖွဲ့တွေကတော့ သွားတွေ့ဖို့ ရှိပါတယ်။ လူတွေဖမ်းသွားတာလည်း အများကြီး ရှိတယ်လို့ သိရပေမယ့် စာရင်းကောက်လို့ မရသေးပါဘူး။ ကေအိုင်အေ လက်နက်ကိုင်က ရပ်ရွာအတွင်းမှာ သတ်လိုက်တာက သုံးဦးပါ။ တစ်ဦးက မြစ်ကြီးနားဆေးရုံ ရောက်ပြီးနောက် လိုင်ဇာဆေးရုံမှာ ဆေးကုရင်း သေဆုံးသွားတာပါ။ ကျွန်တော်တို့ကတော့ ကေအိုင်အေနဲ့ ပက်ဂျဆန် အဖွဲ့တွေရဲ့ လုပ်ဆောင်မှုတွေဟာ လူမျိုးရေးကို ဦးတည်တိုက်ခိုက် နေတယ်လို့ပဲ သုံးသပ်ပါတယ်။ အမှုဖွင့် ထားတာလည်း မရှိသေးပါဘူး။ နိုင်ငံတော် ငြိမ်းချမ်းရေး တည်ဆောက်တဲ့အခါ လူ့အခွင့်အရေးကိုလည်း လေးစားလိုက်နာပြီး အားလုံးငြိမ်းငြိမ်းချမ်းနဲ့ ထိန်းထိန်းသိမ်းသိမ်း သွားကြဖို့ လိုပါတယ်" ဟု ပြောကြားသည်။
လီဆူးအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီ၏ ထုတ်ပြန်ချက်တွင် ကေအိုင်အို၊ ကေအိုင်အေ လက်နက်ကိုင် အဖွဲ့မှ လီဆူးတိုင်းရင်းသားနှင့် ပြည်သူလူထုအပေါ် လက်နက်အားကိုး အနိုင်ကျင့် သတ်ဖြတ်နေခြင်းကို ရှုတ်ချကြောင်း၊ အမှုမှန် ပေါ်ပေါက်ရေးအတွက် ကေအိုင်အို၊ ကေအိုင်အေ ဌာနချုပ်ကို တောင်းဆိုကြောင်း၊ လူထုအခြေပြု မူးယစ်တိုက်ဖျက်ရေး အဖွဲ့ဝင် အချို့က မူးယစ်တိုက်ဖျက်ရေးနှင့် မသက်ဆိုင်သော လုယက်ခြင်း၊ မတရားအုပ်စုဖွဲ့ ရိုက်နှက်ခြင်း၊ လူမျိုးရေးပဋိပက္ခ ဖန်တီးခြင်းအပေါ် ပြင်းထန်စွာ ကန့်ကွက်ကြောင်း၊ မလိုလားအပ်သော ပြဿနာများ မဖြစ်စေရေးနှင့် မတရားမှုများကို အရေးယူနိုင်ရန် နိုင်ငံတော် အစိုးရနှင့် တပ်မတော်ကို တိုက်တွန်းကြောင်း၊ လူထုအခြေပြုအဖွဲ့မှ တရားမဲ့ ပြုကျင့်ဖမ်းဆီးပြီး မတရားဖမ်းဆီး ထားသူများကို အမြန်ဆုံး လွှတ်ပေးရန် သက်ဆိုင်ရာများသို့ တောင်းဆိုကြောင်း စသည့်အချက် ခြောက်ချက်ပါ ထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့သည်။
ယင်းကိစ္စနဲ့ ပတ်သက်ပြီး ကေအိုင်အို၊ ကေအိုင်အေ နည်းပညာ အကြံပေးအဖွဲ့ရုံးသို့ ဆက်သွယ်သော်လည်း ပြန်လည်ဖြေကြားခဲ့ခြင်း မရှိဘဲ မြစ်ကြီးနား အခြေစိုက် ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့က ဦးဆန်းအောင်က "ကျွန်တော်တို့ဆီကို စာနဲ့ ရောက်လာတာတော့ မရှိပါဘူး။ ၂၂ ရက်နောက်ပိုင်း ပစ်ခတ်မှုဖြစ်တာကတော့ ကေအိုင်အေက ဘိန်းခင်းဖျက်ရာမှာ နယ်ခြားစောင့် အဖွဲ့တွေက ပစ်လို့ ပစ်ခတ်မှုတွေ ဖြစ်သွားတယ်လို့ သိရတယ်။ ကျန်တာတွေတော့ မသိရသေးပါဘူး" ဟု ဆိုသည်။
ဆဒုံဒေသရှိ ကျေးရွာအချို့တွင် မတ် ၂၁ ရက်က ကျေးရွာသား ၃၀ ၀န်းကျင်ကို ဖမ်းဆီးသွားကြောင်း သတင်းများ ထွက်ပေါ်ခဲ့ပြီး မတ် ၂၂ ရက်တွင် ဝေမိုးကျေးရွာအနီးရှိ ထန်းမိုးခမ်း ကျေးရွာတွင် နယ်မြေခံ နယ်ခြားစောင့်တပ်များနှင့် ပြည်သူ့စစ်၊ တပ်မတော်နှင့် ကေအိုင်အေတို့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
Credit To >>> Eleven Media Group

0 comments:

Post a Comment