Friday, March 25, 2016

NLD လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးအား ပယ်ဖျက်ပြီး ၎င်းအား ရွေးကောက်ခံရသူအဖြစ် ကြေညာပေးရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ခုံရုံး၌ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့် ထွက်ဆို

အနိုင်ရ NLD လွှတ်တော် ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးအား ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်က လမ်းပိတ်ဆို့မှု၊ မဲမသမာမှုများဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ ကန့်ကွက်လွှာ တင်ထားသည့် အမှုတွင် ဦးအုန်းမြင့်အား မတ် ၂၄ ရက်က နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ခုံရုံး၌ စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်အား ၎င်း၏ရှေ့နေဖြစ်သူက စစ်ဆေးမေးမြန်းခြင်းအပေါ် ဦးအုန်းမြင့်က ထွက်ဆိုရာတွင် "မဲဆွယ်စည်းရုံးရေး ကာလတွင် အနှောင့်အယှက် တရားမဲ့ ပြုကျင့်ခြင်း၊ ရွေးကောက်ပွဲ နေ့တွင်လည်း တရားမဲ့ပြုကျင့်မှုများကို ပြုလုပ်၍ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော NLD ပါတီမှ ဒေါ်အေးမြမြမျိုး၏ ရွေးကောက်တင်မြှောက်ခြင်းကို အထက်ပါ အကြောင်းအချက်များကြောင့် ပျက်ပြယ်ကြောင်း ဆုံးဖြတ်ချက် ချမှတ်ပေးပြီး ဒုတိယ အနိုင်ရရှိသည့် ကျွန်တော့်အား ရွေးကောက်ခံရသူအဖြစ်  ကြေညာပေးပါရန်" ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ခုံရုံး၌ ထွက်ဆိုခဲ့သည်။
ထို့ပြင် ဦးအုန်းမြင့်ဘက်က သက်သေခံအဖြစ် ခုံရုံးသို့ ဓာတ်ပုံများ တင်ခဲ့ပြီး ယင်းဓာတ်ပုံများမှာ ဒေါ်အေးမြမြမျိုး၏ Facebook အကောင့်တွင် တင်ထားသည့် ဓာတ်ပုံများ ဖြစ်သည့်အတွက် လျှောက်ထားခံရသူ ဒေါ်အေးမြမြမျိုး၏ ရှေ့နေက ကန့်ကွက်ခဲ့ရာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ခုံရုံးက သက်သေခံအဖြစ် လက်ခံခဲ့သော်လည်း ယင်းဓာတ်ပုံများအား သက်သေအထင်အရှားပြရန် တာဝန်ရှိကြောင်း ခုံရုံးက ဆုံးဖြတ်ခဲ့သည်။
ဦးအုန်းမြင့်အား ၎င်း၏ရှေ့နေဖြစ်သူက စစ်ဆေးမေးမြန်းခဲ့ပြီး အချိန်လောက်ငှမှု မရှိသဖြင့် လျှောက်ထားခံရသူ ဒေါ်အေးမြမြမျိုး၏ ရှေ့နေဘက်က စစ်ဆေးမေးမြန်းမှု မရရှိခဲ့ပေ။
အနိုင်ရ NLD လွှတ်တော် ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးအား ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ ကန့်ကွက်လွှာ တင်ထားသည့်အမှုတွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ခုံရုံအား ပြောင်းလဲဖွဲ့စည်းမည် ဖြစ်သောကြောင့် နောက်လာမည့် ရုံးချိန်းအား ရက်သတ်မှတ်ခြင်း မရှိတော့ကြောင်း သိရသည်။
"ရုံးချိန်းကတော့ ခုံအသစ် ပြန်ပြောင်းမှာဖြစ်တဲ့ အတွက်ကြောင့် ရုံးချိန်းဘယ်နေ့ရှိတယ် ဆိုတာကို လှမ်းအကြောင်းမှာပေါ့။ အဲဒီအချိန်ကျရင် ခုံရုံးကအ သစ်ပြန်စစ်ဆေးရင် စစ်ဆေးမယ်ပေါ့။ အကယ်၍ ပြန်မစစ်ဆေးဘူးဆိုရင် ဦးအုန်းမြင့်ကို လျှောက်ထားသူဘက်က စစ်ဆေးရမှာပေါ့" ဟု တရားလွှတ်တော်ရှေ့နေ ဦးအောင်သိန်းက ပြောကြားသည်။
ကျောက်တန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်၏ ရွေးကောက်ပွဲကိုယ်စားလှယ် ဦးမျိုးချစ်က အနိုင်ရ NLD ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးအား လမ်းပိတ်ဆို့မှု အပါအ၀င် မဲရုံစောင့်ဆရာ၊ ဆရာမများ၊ ကော်မရှင်အဖွဲ့ဝင်များနှင့် ပြည်သူများအား ရွေးကောက်ပွဲဥပဒေဖြင့် တရားစွဲဆိုထားသော အမှုပေါင်း ၁၈ မှုအထိရှိကြောင်း သိရသည်။
အနိုင်ရ NLD လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးအား ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်၏ ရွေးကောက်ပွဲ ကန့်ကွက်လွှာ တင်သွင်းမှုကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်တွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ခုံရုံး၌ စတင်စစ်ဆေးခဲ့သည်။
ကျောက်တန်းမြို့နယ် NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးသည် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ဆန္ဒမဲ ၄၅၀၆၅ မဲရရှိခဲ့ပြီး မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်က ၃၄၄၉၆ မဲ ရရှိခဲ့ကြောင်း သိရသည်။
Credit To >>> Eleven Media Group 

0 comments:

Post a Comment