Monday, March 28, 2016

ရန်ကုန်သင်္ကြန် ရေကစားချိန် ကန့်သတ်ခဲ့ရာမှ နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ ရေကစားခွင့်ပြုမည်ဟု ပြန်လည်သတ်မှတ်


ရန်ကုန်သင်္ကြန် ရေကစားချိန်ကို မူလက ကန့်သတ်ခဲ့ရာမှ နံနက် ၆ နာရီမှ ည ၆ နာရီအထိ ရေကစားခွင့်ပြုမည်ဟု ပြန်လည်သတ်မှတ်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။
ရန်ကုန်သင်္ကြန်အတွက် သင်္ကြန်မဏ္ဍပ်များ လိုက်နာရမည့် စည်းကမ်းချက် ၄၄ ချက်ထုတ်ပြန်ခဲ့ရာ ယင်းအထဲတွင် ရေကစားချိန်ကို နံနက် ၈ နာရီမှ  မွန်းတည့် ၁၂ နာရီအထိ တစ်ပိုင်း၊ မွန်းလွဲ ၃ နာရီမှ ညနေ ၆ နာရီအထိတစ်ပိုင်း ခွင့်ပြုကြောင်း ပါရှိသည်။

ယခင်နှစ်များက သင်္ကြန်ရေကစားချိန်ကို နံနက် ၆ နာရီမှ ည ၆ နာရီအထိ သတ်မှတ်ခဲ့သော်လည်း အယ်လ်နီညိုရာသီဥတုကြောင့် ပူပြင်းမှုနှင့်အတူ ရေချွေတာနိုင်ရန် ရည်ရွယ်၍ ယခုနှစ်သင်္ကြန် ရေကစားချိန်ကို ယခင်နှစ်များထက် လျှော့ချခဲ့ခြင်းဖြစ်သည်။

သို့သော် ယင်းသို့ ရေကစားချိန် သတ်မှတ်ချက်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အစည်းအဝေးမှတစ်ဆင့် ပြန်လည်ပြင်ဆင်ခဲ့ပြီး ယခုရေကစားချိန်ကို နံနက် ၆ နာရီမှည ၆ နာရီအထိ ပြန်လည်ဖြည့်စွက်ကာ အချိန်တိုးမြှင့် ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“သင်္ကြန်ရေကစားချိန်ကို မနက် ၆ နာရီကနေ ညနေ ၆ နာရီအထိ ကျွန်တော်တို့ ခွင့်ပြုပါတယ်။ အရင်ကတော့ ကန့်သတ်ချက် ထုတ်ထားတယ်။ ဒါပေမဲ့ အစည်းအဝေးကနေ  ပြန်လည်သတ်မှတ်လိုက်တာ။ ကန့်သတ်ချိန် ရေကစားရင် သွားဖမ်းမှာလားဆိုပြီးတော့။ အဲဒါကြောင့် ကျွန်တော်တို့ နံနက် ၆  ညနေ ၆ နာရီ ပြန်သတ်မှတ်ပါတယ်။ ဖြည့်စွက်ပြီး အချိန်တိုးမြှင့် ခွင့်ပြုလိုက်တာပေါ့။ ဒါပေမဲ့ အကြံပြုချက်ကတော့ မွန်းတည့် ၁၂ နာရီကနေ မွန်းလွဲ၂ နာရီအထိက အရမ်းပူပြင်းတဲ့အချိန် ဖြစ်တဲ့အတွက် နေရိပ်မှာသာ နေထိုင်ကြပါလို့ ပြောချင်ပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယခုနှစ် ရန်ကုန်သင်္ကြန်အတွက် ကမ္ဘာအေးစေတီလမ်းနှင့် ကန်တော်ကြီးကန်ပတ်လမ်းတို့တွင် မဏ္ဍပ်အကြီးကိုးခုစီ၊ ပါရမီလမ်းတွင် မဏ္ဍပ်အလတ်သုံးခု၊ စက်မှု (၁) လမ်းတွင် မဏ္ဍပ်အလတ်တစ်ခုနှင့် ဆရာစံလမ်းတွင် မဏ္ဍပ်အလတ်တစ်ခု စုစုပေါင်း မဏ္ဍပ်အကြီးနှင့် အလတ် ၃ ခုဆောက်လုပ်ခွင့်ပြုရန် အတည်ပြုထားကြောင်း သိရသည်။

ရန်ကုန်သင်္ကြန်မဏ္ဍပ် ဆောက်လုပ်ခွင့်များအား သက်ဆိုင်ရာမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးများတွင် လျှောက်ထားနေကြပြီဖြစ်သည်။  
Credit To >>> Eleven Media Group  

0 comments:

Post a Comment