Tuesday, March 22, 2016

မြန်မာ့အကြီးဆုံး အိမ်ခြံမြေအရောင်းပြပွဲကြီးအား စင်ကာပူနိုင်ငံရှိ Grand Park City Hall ဟိုတယ်၌ ကျင်းပမည်

ဒုတိယအကြိမ် ကျင်းပမည့် ''မြန်မာ့အကြီးဆုံး အိမ်ခြံမြေ အရောင်းပြပွဲကြီး''ကို စင်ကာပူနိုင်ငံရှိ မြန်မာနိုင်ငံ သားအများအပြားဆုံဆည်းရာ နေရာဖြစ်သော မြန်မာရပ်ကွက် Peninsular Plaza အနီးရှိ Grand Park City Hall ဟိုတယ်၌ မတ် ၂၆ ရက်နှင့်၂၇ ရက်တို့တွင် စည်ကား သိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ရာ အဆိုပါပြပွဲကြီး၌ မြန်မာနိုင်ငံ၏ နံပါတ်တစ် အိမ်ခြံမြေ ရောင်း၊ ဝယ်၊ ငှား ဝက်ဘ်ဆိုက်ဖြစ်သော iMyanmar House.comမှ ကြီးမှူး၍ ကျင်းပသွားမည်ဖြစ်သည်။

အဆိုပါ ''မြန်မာ့အကြီးဆုံး အိမ်ခြံမြေ အရောင်းပြပွဲကြီး'' ကျင်းပခြင်းအားဖြင့် စင်ကာပူနိုင်ငံ၌ အလုပ်လုပ်ကိုင်နေကြသော စင်ကာပူနိုင်ငံရောက် မြန်မာနိုင်ငံသား နှစ်သိန်းကျော်အနေဖြင့် ရန်ကုန်မြို့ ထိ လာရောက်ဝယ်ယူစရာမလိုတော့ ဘဲ စင်ကာပူနိုင်ငံ၌ပင် ဝယ်ယူနိုင်ကြ မည်ဖြစ်ကာ အမိနေရပ်မြန်မာနိုင်ငံ သို့ ပြန်လည်ရောက်ရှိခိုက် လုပ်ငန်းများ လုပ်ကိုင်နိုင်ကြမည်ဖြစ်သောကြောင့် နိုင်ငံတော်အတွက် ဝင်ငွေပိုမို တိုးတက်စေမည်ဖြစ်ပြီး ဆောက်လုပ် ရေးလုပ်ငန်းရှင်များ အတွက်လည်း ပိုမိုအကျိုးရှိစေမည်ဖြစ်သည်။
ခင်းကျင်းပြသ ရောင်းချပေးသွား မည့်တိုက်ခန်းနှင့် အဆင့်မြင့်ကွန်ဒို များ၏ဈေးနှုန်းများမှာ မြန်မာငွေကျပ် သိန်း ၅ဝဝ မှ သိန်း ၃ဝဝဝ ကျော်အထိ ရှိပြီး မြန်မာနိုင်ငံရှိ ဆောက်လုပ်ရေး ကုမ္ပဏီ ၁၁ ခုမှ တိုက်ခန်းနှင့် အဆင့်မြင့်ကွန်ဒိုပေါင်း ၂ဝဝဝ ကျော် ကို အထူးဈေးနှုန်းများ၊ အရစ်ကျ စနစ်များဖြင့် ပါဝင်ခင်းကျင်းပြသ ရောင်းချသွားမည်ဖြစ်ကာ CHD Ban (ဆောက်လုပ်ရေးနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဘဏ်)နှင့် ချိတ်ဆက်၍ ရောင်းချပေးမည်ဖြစ်သည်။
ပြပွဲကြီး၏ထူးခြားချက်မှာ ပြပွဲလာပရိသတ်အတွက် တိုက်ခန်းနှင့် အဆင့် မြင့်ကွန်ဒိုတိုက်ခန်းများကို ငါး ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိ ဈေးနှုန်းလျှော့ရောင်းချပေးသွားမည် ဖြစ်သည်။ အရစ်ကျစနစ်ဖြင့် ဝယ်ယူနိုင်ရန် စီစဉ်ထားကြောင်းနှင့် ပြပွဲ အတွင်း အိမ်ခြံမြေဆိုင်ရာ ဗဟုသုတများကို တတ်ကျွမ်းနားလည်သော ဝါရင့်အိမ်ခြံမြေပညာရှင် ငါးဦးမှဟောပြော ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။ ပြပွဲ၌လာရောက် လေ့လာဝယ်ယူသူများအတွက် ငွေကျပ် သိန်း ၅ဝ တန်ဖိုးရှိ လက်ဆောင်ပစ္စည်းများအား ကံစမ်းမဲဖောက်ပေးသွားမည်ဟု သိရသည်။
iMyanmar House.com မှ မန်နေဂျင်းဒါရိုက်တာ ဦးနေမင်းသူက ''စင်ကာပူနိုင်ငံမှာ ပထမအကြိမ်သွား ရောက်ခင်းကျင်း ပြသရောင်းချတုန်း ကတော့ စင်ကာပူရောက်မြန်မာနိုင်ငံ သားတွေကိုပဲ အရစ်ကျစနစ်နဲ့ ရောင်းချခဲ့ပါတယ်။ စင်ကာပူရောက် မြန်မာနိုင်ငံသားတွေအတွက် ခင်းကျင်း ရောင်းချပေးတဲ့ အရစ်ကျစနစ်ကလည်း ပေါ်ပြူလာဖြစ်ခဲ့ပါတယ်။
''အခုဒုတိယအကြိမ် သွားရောက် ခင်းကျင်းပြသ ရောင်းချမှာကတော့ မြန်မာနိုင်ငံမှာလည်း ကွန်ဒိုမီနီယံ ဥပဒေအရ ဝယ်ယူခွင့်ပြုလိုက်ပြီဖြစ်တဲ့ အတွက် စင်ကာပူနိုင်ငံမှာရောက်ရှိနေကြတဲ့ အခြားနိုင်ငံခြားသားတွေကိုပါ ရောင်းချပေးနိုင်မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ကွန်ဒိုမီနီယံဥပဒေလည်း ထွက်ပေါ်ခဲ့ပြီမို့ စောင့်ကြည့်နေတဲ့ လုပ်ငန်းရှင်တွေကလည်း မျှော်လင့်နေကြပါတယ်။ သူတို့တွေကလည်းသူတို့တွေဆီမှာရှိနေတဲ့ ကွန်ဒိုတိုက် ခန်းတွေကို နိုင်ငံခြားသားတွေကို ရောင်းချချင်နေတဲ့အချက်တွေ ရှိနေပါတယ်။ ဒီပြပွဲကြီးမှာ မြန်မာအပါအဝင် နိုင်ငံခြားသားများကိုပါ ရောင်းချပေးသွားမှာဖြစ်တဲ့အတွက် နိုင်ငံတော်အတွက် ဝင်ငွေပိုရအကျိုးရှိစေသလို ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အတွက်လည်း အကျိုးရှိစေပါလိမ့် မယ်'' ဟု ပြောသည်။
၂ဝ၁၅ ခုနှစ် အောက်တိုဘာလ ကုန်ပိုင်းက စင်ကာပူနိုင်ငံ၌ ပထမ အကြိမ်ပြုလုပ်ခဲ့သည့် ''မြန်မာ့အကြီးဆုံး အိမ်ခြံမြေအရောင်းပြပွဲ ကြီး'' ၌ တိုက်ခန်းနှင့် အဆင့်မြင့် ကွန်ဒိုများ ခင်းကျင်းပြသရောင်းချခဲ့မှုမှာ မြန်မာငွေကျပ် သိန်းပေါင်း ခုနစ်သောင်းကျော်ထိ ရှိခဲ့ကြောင်း၊ ယခုနောက်ပိုင်းတွင် အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုပမာဏ ပိုမိုဖွံ့ဖြိုးတိုးတက်လာသဖြင့် ဒုတိယအကြိမ်ပြုလုပ်မည့် ''မြန်မာ့အကြီးဆုံး အိမ်ခြံမြေ အရောင်းပြပွဲကြီး'' ခင်းကျင်းပြသ ရောင်းချနိုင်မှုအား မြန်မာငွေကျပ် သိန်းပေါင်း ကိုးသောင်းကျော်မှ တစ်သိန်းကျော်အထိ ပိုမိုရောင်းချ နိုင်မည်ဟု မျှော်မှန်းထားကြောင်း သိရသည်။
Credit To >>> The Mirror Daily 

0 comments:

Post a Comment