Tuesday, March 22, 2016

မြောက်ကိုရီးယားက ပင်လယ်ထဲသို့ တာတိုပစ် ဒုံးကျည် ငါးစင်း ပစ်လွှတ်


မြောက်ကိုရီးယားသည် မတ် ၂၁ ရက်တွင် နိုင်ငံ အရှေ့ဘက် ကမ်းရိုးတန်း အလွန် ပင်လယ်ထဲသို့ တာတိုပစ် ဒုံးကျည် ငါးစင်း ပစ်လွှတ်ခဲ့ရာ စစ်ရေး တင်းမာမှု မြင့်တက်နေစဉ် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်က ညွှန်ကြားသော နောက်ဆုံး ဒုံးကျည် ပစ်ခတ်မှု ဖြစ်လာခဲ့သည်။ တာလတ်ပစ် ဒုံးကျည် နှစ်စင်းကို ပစ်လွှတ်ခဲ့ပြီးနောက် ရက်ပိုင်းအတွင်း ယခုကဲ့သို့ ထပ်မံ ပစ်လွှတ်ခဲ့ခြင်း ဖြစ်သည်။

တာတိုပစ် ဒုံးကျည် ငါးစင်းကို နိုင်ငံ အရှေ့ပိုင်း ဟမ်ဟန်မြို့အနီးမှ ဒေသစံတော်ချိန် ညနေ ၃ နာရီ မိနစ် ၂၀ မတိုင်မီ စတင် ပစ်လွှတ်ခဲ့ခြင်းဖြစ်ပြီး အရှေ့ပင်လယ် (ဂျပန်ပင်လယ်) ထဲသို့ ကျရောက်ခဲ့ကြောင်း တောင်ကိုရီးယား စစ်ဦးစီးချုပ်ရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။ ပစ်ခတ်ခဲ့သော ဒုံးကျည် အမျိုးအစားကို အတိအကျ သိနိုင်ရန် လေ့လာသူများက အချက်အလက်များ စုဆောင်းနေသည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

မြောက်ကိုရီးယားသည် မတ် ၁၀ ရက်က အရှေ့ပင်လယ်ထဲသို့ တာတိုပစ် ဒုံးကျည် နှစ်စင်း ပစ်လွှတ်ခဲ့သည်။ ကုလသမဂ္ဂက ချမှတ်ထားသော ပိတ်ဆို့ အရေးယူမှုများအရ မြောက်ကိုရီးယားသည် မည်သည့် ပဲ့ထိန်းဒုံးကျည် စမ်းသပ်မှုကိုမျှ ပြုလုပ်ခွင့် မရှိသော်လည်း တာတိုပစ် ဒုံးကျည် ပစ်ခတ်မှုများသည် အပြစ်ပေးခံရဖွယ် မရှိပေ။

မတ် ၁၈ ရက်တွင်လည်း မြောက်ကိုရီးယားက တာလတ်ပစ် ဒုံးကျည်နှစ်စင်း ထပ်မံပစ်ခတ်ခဲ့ရာ ကုလသမဂ္ဂ ဆုံးဖြတ်ချက်များကို ချိုးဖောက်သည့် လက်သင့်မခံနိုင်သော လုပ်ရပ်များ ဖြစ်သည်ဟု ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ထုတ်ပြန်ခဲ့သည်။

Credit To >>> Eleven Media Group

0 comments:

Post a Comment