Monday, December 21, 2015

ပြည်သူ့ ဆေးရုံကြီးများတွင် လျှပ်စစ်နှင့်ရေ စဉ်ဆက်မပြတ် ရရှိရေး ထရန်စဖော်မာများ တပ်ဆင်ခြင်း၊ အ၀ီစိတွင်းတူးပြီး ရေလှောင်ကန် ဆောက်လုပ်ခြင်းများ တိုးချဲ့ လုပ်ဆောင်မည်


ပြည်သူ့ဆေးရုံကြီးများတွင် လျှပ်စစ်နှင့်ရေ စဉ်ဆက်မပြတ် လုံလောက်စွာ ရရှိရေးအတွက် သီးသန့် ထရန်စဖော်မာများ တပ်ဆင်ခြင်း၊ အ၀ီစိတွင်းတူးပြီး ရေလှောင်ကန် ဆောက်လုပ်ခြင်းများ ယခု ဘဏ္ဍာနှစ်အတွင်း တိုးချဲ့ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကျန်းမာရေး ၀န်ကြီးဌာနမှ သိရသည်။

လက်ရှိတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ လျှပ်စစ်မီး အတက်အကျ မရှိစေရန် ရန်ကုန် လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်းနှင့် ပူးပေါင်းပြီး သူနာပြု တက္ကသိုလ် အနီးတစ်ဝိုက်တွင် ထရန်စဖော်မာများ တပ်ဆင်နေပြီး ဆေးရုံ အတွင်း၌လည်း လျှပ်စစ်နှင့် ပတ်သက်သည့် အဆင့်မြှင့်တင်ခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း၊ ရေလုံလောက်စွာ ရရှိရေးအတွက် လူနာတစ်ဦးလျှင် အစောင့်နှစ်ဦးနှုန်း၊ ဆေးရုံဝန်ထမ်းများ အပါအ၀င် ရေလိုအပ်ချက် မရှိစေရန် အတွက်လည်း လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

ရန်ကုန် ပြည်သူ့ဆေးရုံကြီး အပါအ၀င် အနောက်ပိုင်းခရိုင် အတွင်းရှိ ပြည်သူ့ဆေးရုံများ အားလုံးတွင် စဉ်ဆက်မပြတ် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရန် ၆၆ ကေဗွီ ဓာတ်အားခွဲရုံအသစ် တည်ဆောက်ခဲ့ပြီး အလုံ၊ ဗဟန်း၊ ဒဂုံ၊ ကျောက်တံတား၊ ကြည်ြ့မင်တိုင်၊ လမ်းမတော်၊ လသာ၊ ပန်းဘဲတန်း၊ ဆိပ်ကမ်းနှင့် စမ်းချောင်း မြို့နယ်များ ပါဝင်ပြီး ယင်းမြို့နယ်များရှိ ပြည်သူ့ဆေးရုံများ အားလုံးတွင် ဓာတ်အား ဖြန့်ဖြူးနိုင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။

ကျန်းမာရေး ၀န်ကြီးဌာနက ယခု ၂၀၁၅ -၂၀၁၆ ဘဏ္ဍာနှစ်အတွက် ခွင့်ပြု ရန်ပုံငွေ ကျပ်သန်းပေါင်း ၇၅၃၀၀၁ ဒသမ ၃၇၈ ရရှိထားပြီး ယင်းတို့အနက် ငွေလုံးငွေရင်း အသုံးစရိတ် ကျပ်သန်းပေါင်း ၃၄၉၉၂၀ ဒသမ ၃၀၁ ကို တည်ဆောက်ရေးလုပ်ငန်း ၁၃၆၉ ခုတွင် အသုံးပြုခွင့် ရရှိခဲ့သည်။ ကျန်ရှိနေသည့် ရန်ပုံငွေများကို ဖြည့်စွက်လုပ်ငန်း၂၄၁ ခု၊ ဆောင်ရွက်ဆဲလုပ်ငန်း ၅၂၉ ခုနှင့် လုပ်ငန်းသစ် ၅၉၉ ခုတွင် ခွဲဝေ အသုံးပြုသွားမည်ဖြစ်ပြီး လုပ်ငန်းသစ် ၅၉၉ ခုတွင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ လုပ်ငန်း ၃၈၅ ခု၊ ကုသရေး ဦးစီးဌာနမှ လုပ်ငန်း ၁၅၈ ခု၊ ဆေးဘက်ဆိုင်ရာ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီမံခန့်ခွဲရေး ဦးစီးဌာနမှ တစ်ခု၊ တိုင်းရင်းဆေးပညာ ဦးစီးဌာနမှ ၅၁ ခု၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ လေးခုတွင် အသုံးပြုရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ဆေးရုံ တစ်ခုလုံးရှိ လူနာများနှင့် ပတ်သက်သည့် ဆေးမှတ်တမ်းများ သိမ်းဆည်းရန် Network & Hospital Mangement Information စနစ်ကို ရန်ကုန် ပြည်သူ့ဆေးရုံကြီးတွင် တည်ထောင်ခဲ့ကြောင်း၊ လူနာများနှင့် ပတ်သက်သည့် ဆေးမှတ်တမ်း
စုဆောင်းမှုများကို ပြည်သူ့ဆေးရုံများ သာမက ပုဂ္ဂလိက ဆေးရုံများတွင်လည်း လုပ်ဆောင်လျက်ရှိပြီး ရောဂါဖြစ်ပွားနှုန်း၊ သေဆုံးနှုန်းနှင့် သုတေသန လုပ်ငန်းများ စသည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ လုပ်ဆောင်ရာတွင် သတင်းအချက်အလက် ရယူလိုသည့်အတွက် ယင်းကဲ့သို့ ဆေးရုံများတွင် လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း သိရသည်။

ကျန်းမာရေး ၀န်ကြီးဌာနမှ ၁၉၆၂ ခုနှစ် နောက်ပိုင်းမှစ၍ ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက် ကောက်ယူမှုများကို ၀န်ကြီးဌာနအောက်ရှိ အစိုးရ ဆေးရုံများတွင် ကောက်ယူခဲ့ပြီး ပုဂ္ဂလိက ဆေးရုံများတွင် ယင်းကဲ့သို့ သတင်းအချက်အလက် ကောက်ခံမှုများကိုမူ ၂၀၁၃ နှစ်ဆန်းပိုင်းမှ စတင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပုဂ္ဂလိက ဆေးရုံများ အနေဖြင့် ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှု သတင်း အချက်အလက်များကို လချုပ်ပုံစံဖြင့် လစဉ် နေပြည်တော်ရှိ ကျန်းမာရေး ၀န်ကြီးဌာနသို့ ပေးပို့ရမည့်အပြင် မိမိတို့ မြို့နယ်ရှိ ကျန်းမာရေး ဦးစီးဌာနသို့လည်း ပေးပို့ရကြောင်းနှင့် သတင်း အချက်အလက်များ ကောက်ယူရာတွင် ပြင်ပလူနာနှင့် အတွင်းလူနာဟူ၍ ခွဲခြားကောက်ခံထားကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ကျန်းမာရေး ၀န်ကြီးဌာန လက်အောက်ရှိ အစိုးရ ဆေးရုံပေါင်း ၁၀၀၀ ကျော်ရှိပြီး ကျန်းမာရေး ၀န်ကြီးဌာနမှ အသိအမှတ်ပြု လိုင်စင် ရထားသည့် ပုဂ္ဂလိက ဆေးရုံပေါင်း ၁၆၇ ရုံရှိကြောင်း သိရသည်။

Credit To >>> Eleven Media Group

0 comments:

Post a Comment