Monday, December 21, 2015

နိုင်ငံတော် သမ္မတတာဝန် ထမ်းဆောင်ခဲ့သူ၏ လုံခြုံရေးဆိုင်ရာ ဥပဒေကြမ်းတွင် သမ္မတ တာဝန် ထမ်းဆောင်ခဲ့သည့် ကာလအတွင်း တာဝန်အရ ဆောင်ရွက်ချက်များကို အကြောင်းပြုလျက် တရားစွဲဆိုခြင်း၊ အရေးယူခြင်း မရှိစေရဆိုသည့်အချက် ထည့်သွင်းထားမှုအပေါ် ဝေဖန်မှုများ ထွက်ပေါ်


ပြည်သူများ လေ့လာရန် ထုတ်ပြန်ထားသော နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူ၏ လုံခြုံရေးဆိုင်ရာ ဥပဒေကြမ်းတွင် နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူသည် သမ္မတတာဝန် ထမ်းဆောင်ခဲ့သည့် ကာလအတွင်း တာဝန်အရ ဆောင်ရွက်ချက်များကို အကြောင်းပြုလျက် တရားစွဲဆိုခြင်း၊ အရေးယူခြင်း မရှိစေရဆိုသည့်အချက် ထည့်သွင်းထားမှုအပေါ် နိုင်ငံရေးသမားများ၊ ပြည်သူများက ဝေဖန်မှုများ ပြုလုပ်လျက်ရှိသည်။

အဆိုပါ ဥပဒေကြမ်းကို ဒီဇင်ဘာ ၂၁ ရက် နိုင်ငံပိုင် သတင်းစာများမှ တစ်ဆင့် ပြည်သူများ လေ့လာ အကြံပြုနိုင်ရန် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး အခန်းငါးခန်း ပါဝင်ကာ အမည်နှင့် အဓိပ္ပာယ် ဖော်ပြချက်၊ ရည်ရွယ်ချက်၊ နိုင်ငံတော်သမ္မတ တာဝန် ထမ်းဆောင်ခဲ့သူအား လုံခြုံရေး ကာကွယ်ပေးခြင်း၊ နိုင်ငံသမ္မတ တာဝန်ထမ်းဆောင်ခဲ့သူ၏ ဆောင်ရွက်ချက်အပေါ် အကာအကွယ်ပေးခြင်း၊ အထွေထွေတို့ဖြစ်ပြီး အပိုဒ် ၁၄ ခု ပါဝင်သည်။
နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူ အနေဖြင့် တာဝန်ပြီးဆုံးပြီးနောက် ယင်းဥပဒေကြမ်းတွင် ဖော်ပြထားချက်အရ ကိုယ်ရံတော်လုံခြုံရေး အစောင့်အရှောက်အား ရာသက်ပန် ရရှိမည် ဖြစ်သည်။
နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူအား လုံခြုံရေးဆိုင်ရာ အကာအကွယ် များပေးရမည်မှာ ဖြစ်သင့်သော်လည်း နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူသည် တာဝန်အရ ဆောင်ရွက်ချက်များကို အကြောင်းပြုလျက် တရားစွဲဆိုခြင်းနှင့် အရေးယူခြင်းတို့ မရှိစေရဟု ထည့်သွင်းထားချက်သည် နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူသည် တာဝန်အရ ဆုံးဖြတ်ဆောင်ရွက်ခဲ့မှုသည် ဥပဒေများကို ကျော်လွန်၍ တစ်စုံတစ်ရာ ဆောင်ရွက်မှုရှိခဲ့ပါကလည်း အရေးယူခြင်း မပြုနိုင်ရန် ထည့်သွင်းထားသော သဘောဖြစ်နေ၍ အဆိုပါအချက်အပေါ် အဓိကဝေဖန်ကြခြင်း ဖြစ်သည်။
“ဘယ်သမ္မတ တစ်ဦးပဲဖြစ်ဖြစ် သမ္မတတစ်ဦးသည် အာဏာကို အလွန်အကျွံ အသုံးပြုခဲ့တယ်။ အမှားအယွင်း လုပ်ခဲ့တာက ပြည်သူတွေအတွက် ကြီးမားတဲ့ ထိခိုက်နစ်နာမှုတွေ ဖြစ်ခဲ့ရင် အရေးယူသင့်တယ် ထင်ပါတယ်။ မြန်မာနိုင်ငံမှာက လာဘ်ပေးလာဘ်ယူမှုက အလွန်ကြီးတယ်။ ထိပ်ပိုင်းကကိုက လာဘ်ပေးလာဘ်ယူတွေ လုပ်နေတဲ့အခါကျတော့ တိုင်းပြည်မှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လာဘ်ပေးလာဘ်ယူမှုတွေက ကြီးစိုးနေတယ်။ နိုင်ငံတော်နဲ့ ပတ်သက်တဲ့ ပြည်သူတွေကို တိုင်းပြည်ကို အကြီးအကျယ် ထိခိုက်နစ်နာစေတဲ့ ပြစ်မှုမျိုးတွေ လာဘ်ပေးလာဘ်ယူမှုတွေ လုပ်ခဲ့တယ်ဆိုရင်လည်း အရေးမယူရဘူးဆိုရင် သမ္မတသည် သူ့သက်တမ်းမှာ လုပ်ချင်တာ လုပ်လို့ရမယ့် သဘော ဘာမှဂရုစိုက်စရာ အလေးထားစရာ မလိုဘဲလုပ်မယ့် သဘောမျိုးတွေ တွေ့ရတဲ့အတွက် ဒီလိုမဖြစ်သင့်ဘူးလို့ ထင်ပါတယ်”ဟု ရခိုင်အမျိုးသား ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးအေးသာအောင်က ပြောကြားသည်။
ယင်းဥပဒေကြမ်းတွင် ဥပဒေကြမ်း၏ အဓိရည်ရွယ်ချက်မှာ နိုင်ငံတော်သမ္မတတာဝန် ထမ်းခဲ့သူ၏ အသက်အန္တရာယ်နှင့် ကိုယ်ကာယကို ထိခိုက်ခြင်းမှ ကြိုတင်ကာကွယ်ရေး သို့မဟုတ် ကာကွယ်နိုင်ရေး အတွက် လုံခြုံရေးဆောင်ရွက်နိုင်ရန်၊ နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူအား မိသားစုနှင့် အတူလုံခြုံစွာနှင့် စိတ်အေးသက်သာစွာ နေထိုင်နိုင်စေရန်၊ နိုင်ငံတော်၏ တာဝန်ကို ထမ်းဆောင်ပြီး နောက်ပိုင်းတွင် ထိုတာဝန်ထမ်းဆောင်စဉ်က ဥပဒေနှင့်အညီ ဆုံးဖြတ်ခဲ့မှုများနှင့် စပ်လျဉ်း၍ အနှောင့်အယှက်ပေးခြင်း၊ အန္တရာယ်ပြုခြင်းတို့မှ ကာကွယ်နိုင်ရန် ဖြစ်ကြောင်း ဥပဒေကြမ်းတွင် ဖော်ပြချက် အရသိရသည်။
“အရင်ကလုပ်ခဲ့တာနဲ့ သူ့ရဲ့လုံခြုံရေးနဲ့ ဘယ်လိုပတ်သက်သလဲ။ အဲဒီအချက်က ဒီလုံခြုံရေးနဲ့ မပတ်သက်ဘူးလို့ ယူဆတယ်။ သမ္မတတာဝန် ထမ်းဆောင်ခဲ့သူ၏ လုံခြုံရေးဆိုင်ရာ ဥပဒေဆိုတော့ အဲဒီအပိုင်းနဲ့ မသက်ဆိုင်လောက်ဘူးလို့ ယူဆတယ်။ သက်ဆိုင်တယ်လို့ပဲထားထား ဒီဥစ္စာကြီးက သမ္မတလည်း ပြည်သူပဲလေ။ ပြည်သူတစ်ယောက်အနေနဲ့ သူ့ကို သက်သက် သဘောထားတယ်ဆိုရင် သူ့ရဲ့လုပ်ရပ်တွေ မှားရင်လည်း သူ့ကိုအရေးမယူနိုင်တဲ့ သဘောမျိုး ဖြစ်သည့်အတွက် အဲဒီပုဒ်မကတော့ မထည့်သင့်ဘူး ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘယ်သူမဆိုဗျာ။ ကျွန်တော်တို့ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ပဲဖြစ်ဖြစ် ဘယ်လောက်ပဲ ကြီးကျယ်တဲ့ ပုဂ္ဂိုလ်တွေပဲဖြစ်ဖြစ် သူရဲ့လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး အရေးယူခွင့် ပေးရမှာပေါ့။ အရေးယူတာတော့ ယူရမှာပေါ့ ကျွန်တော်ကတော့ အဲဒီလိုရိုးရိုးပဲမြင်တယ်ဗျာ”ဟု ဖလုံ- စဝေါ် ဒီမိုကရက်တစ်ပါတီ ဒုတိယဥက္ကဋ္ဌ ဦးမန်းအောင်ပြည်စိုးက ပြောကြားသည်။
ထို့ပြင် ဥပဒေကြမ်းတွင် နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူ၏ လုံခြုံရေးအတွက် ကိုယ်ရံတော်နှင့် အဖွဲ့ဝင်များ၏ ခန့်အပ်ခြင်းနှင့် ၎င်းတို့ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကိုလည်း ထည့်သွင်းရေး ဆွဲထားသည်။
“ဒီလိုဥပဒေပါ ပြဋ္ဌာန်းချက်က တချို့နိုင်ငံတွေမှာရှိသလို တချို့နိုင်ငံတွေမှာလည်း မရှိတာ တွေ့ရတယ်။ ရှိတယ်ဆိုတာကလည်း ဒီမိုကရေစီ အခြေခိုင်တဲ့နိုင်ငံတွေမှာပေါ့။ မြန်မာနိုင်ငံအနေနဲ့ဆိုရင်တော့ ဥပဒေတိုင်းလိုလိုမှာ ဒီလိုအချက် ထည့်တာက အစဉ်အလာလိုကို ဖြစ်နေပြီ။ကျွန်တော်တို့ အနေနဲ့ကတော့ ဒါကိုယ့်အတွက် ကိုယ်တည်ဆောက် သွားတယ်လို့ မှတ်ယူစရာ ဖြစ်နေတယ်။ ဒါကြောင့် ဒီအချက်နဲ့ပတ်သက်လို့ကတော့ ဝေဖန်မှုတွေတော့ ရှိမှာပဲ။ ဘာလို့ဆို မြန်မာနိုင်ငံအနေနဲ့ ဒီမိုကရေစီ မခိုင်မာသေးတဲ့နိုင်ငံ၊ နောက် လာဘ်ပေးလာဘ်ယူမှုတွေ ရှိနေဆဲနိုင်ငံ၊ တရားစီရင်ရေး လုပ်ငန်းစဉ်တွေကို ပြည်သူတွေ ယုံကြည်မှုနည်းတဲ့ နိုင်ငံအဖြစ် ရှိနေသေးတယ်ဆိုတဲ့ အချက်တွေကြောင့်ပဲ” ဟု လွှတ်တော်လေ့လာ စောင့်ကြည့်ရေး ပွင့်လင်း မြန်မာ့ရှေ့ဆောင်အဖွဲ့မှ လက်ထောက်ဒါရိုက်တာ ကိုထင်ကျော်အေးက ပြောကြားသည်။
ရွေးကောက်ပွဲ လုပ်ငန်းစဉ်များပါဝင် ဆောင်ရွက်ခဲ့သည့် CPRCG အဖွဲ့မှ ကိုမင်းသူဇင်က ”အဲဒီအချက်ကို မထည့်သင့်ဘူးဗျ။ အဂတိလိုက်စားမှု ရှိနေတယ်ဆိုရင် ဒီဟာကို ဘယ်လိုလုပ်မလဲ။ ပြည်သူက သူ့ကို ယုံကြည်လို့ အပ်လိုက်တာ။ အဲဒီအပေါ် အလွဲသုံးစား လုပ်သွားဟာမျိုးဆို ဘယ်လိုလုပ်မလဲ။ ဇင်ဘာဘွေက မူဂါဘီဆို ဘယ်လိုလုပ်မလဲ။ ထိုင်ဝမ်သမ္မတ ချန်ရွှေဗျန်းတို့၊ ဖိလစ်ပိုင်သမ္မတ မစ္စအာရိုယိုယိုတို့ ဆိုရင်လည်း သူတို့တက်လာတော့ ပြည်သူက မျှော်လင့်ချက်ကြီးကြီးနဲ့ တာဝန်ပေးလိုက်ပေမဲ့ သူတို့ ရာထူးက ဆင်းသွားတဲ့နောက်ပိုင်း ပြဿနာတွေ တန်းစီပေါ်လာပြီး တရားစွဲတာတွေ ဖြစ်တာပဲ”ဟု ပြောကြားသည်။
နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူ၏ လုံခြုံရေးဆိုင်ရာ ဥပဒေကြမ်းကို ပြည်ထောင်စုအစိုးရအဖွဲ့မှ လွှတ်တော်သို့ ပေးပို့ထားကြောင်း စုံစမ်းသိရှိရသည်။

Credit To >>> Eleven  Media Group

0 comments:

Post a Comment