Thursday, August 7, 2014

တောင်ပြုန်းပွဲတော်၏ အစည်ကားဆုံးရက်ဖြစ်သော မင်းနှစ်ပါး ချိုးရေသုံးသည့်နေ့တွင် ဒေသအသီးသီးမှ လာရောက်သူများဖြင့် အထူးစည်ကား


တောင်ပြုန်းပွဲတော်၏ အစည်ကားဆုံးရက်ဖြစ်သော မင်းနှစ်ပါးချိုးရေတော် သုံးသည့်နေ့တွင် မြန်မာနိုင်ငံတစ်ဝန်းရှိ ဒေသအသီးသီးမှ ကိုယ်ထိနန်းထိ လာရောက်ဆက်သ သူများဖြင့် အထူးစည်ကားခဲ့ကြောင်း သိရသည်။

တောင်ပြုန်းမင်းနှစ်ပါးပွဲတော် ချိုးရေတော်သုံးခြင်း အခမ်းအနားကို ဝါခေါင်လဆန်း ၁၁ ရက် (ဩဂုတ် ၆ ရက်) နံနက်က ကိုယ်တော်ကြီး ကိုယ်တော်လေး မင်းနှစ်ပါး နတ်နန်းတည်ရာအနီးရှိ ချိုးရေတော်သုံးနန်းဆောင်၌ ကျင်းပခဲ့ပြီး သက်ဆိုင်ရာ မျိုးနွယ်ဝင်များက မင်းနှစ်ပါးအား နန်းဆောင်အတွင်းမှ ဝေါယာဉ်ဖြင့် ပင့်ဆောင်ကာ ချိုးရေတော်သုံးခြင်း ကိစ္စရပ်များဆောင်ရွက်ခဲ့ရာ မြန်မာနိုင်ငံအောက်ပိုင်းဒေသ၊ အလယ်ပိုင်းဒေသနှင့် အထက်ပိုင်းဒေသများရှိ ကိုးကွယ်ယုံကြည်သူများ လာရောက်ပြီး ပန်းဆက်ပူဇော်ခြင်း၊ ငွေကြေးဆက်သခြင်းနှင့် အမွေးနံသာများ ပက်ဖျန်းခြင်းများကို ကိုယ်ထိနန်းထိ လာရောက်ဆောင်ရွက် ခဲ့ခြင်းကြောင့် ယမန်နှစ်များနည်းတူ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့ကြောင်း သိရသည်။

“မနက် ၁ဝ နာရီကျော်လောက်ကစပြီး မင်းနှစ်ပါးကိုချိုးရေတော် သုံးဖို့အတွက် နန်းဆောင်အတွင်းကနေ ဝေါယာဉ်နဲ့ စတင်ပင့်ဆောင်တယ်။ ပြီးတဲ့အခါ နန်းဆောင်ရှေ့မှာ ရှိတဲ့ ချိုးရေတော်သုံးတဲ့အဆောင်မှာ နံ့သာ ဖြူ၊ ပန်းပေါင်းစုံအပါအဝင် အမွေးနံ့သာရေနဲ့ ချိုးရေတော်သုံးတယ်။ ချိုးရေတော်သုံးပြီးရင် အုတ်နှစ်ချပ်လွတ်နေတဲ့ ဆုတောင်းပြည့်ဆု တောင်းရ ဘုရားမှာ မင်းနှစ်ပါး ဝတ်ပြုပြီး ဝေါယာဉ်နဲ့ပဲ စံနန်းဆောင်အတွင်းကို ပြန် လည်ပင့်ဆောင်တယ်” ဟု နှစ်စဉ်ချိုးရေတော် သုံးခြင်းကိစ္စရပ်များကို ဆောင်ရွက်သည့်  နန်းထိန်းမိသားစုဝင်တစ်ဦးက ဆိုသည်။

ကိုယ်တော်ကြီး ကိုယ်တော်လေး မင်းနှစ်ပါး စံနန်းဆောင်အတွင်းမှ ဝေါယာဉ်ဖြင့် စတင်ထွက်လာသည့် အချိန်တွင် အနယ်နယ် အရပ်ရပ်မှ ရောက်ရှိလာသည့် ပွဲတော်လာ ပရိသတ်များက စီးပွား လာဘ်လာဘ၊ ရာထူးရာခံ တိုးမြှင့်ခြင်းနှင့် ဘေးအန္တရာယ် ကင်းရှင်းစေခြင်းအလို့ငှာ တိုင်တည်အဓိ|ာန် ပြု၍ ဝေါယာဉ်အား ကိုယ်ထိလက်ရောက် ပြုခြင်း၊ ပန်းဆက်သခြင်း၊ ငွေကြေးများဖြန့်ကြဲကာ ရွှေလမ်းငွေလမ်းခင်းခြင်းများကို အလုအယက် တိုးဝှေ့ပြုလုပ်ခဲ့ကြသည်။
တောင်ပြုန်းမင်းနှစ်ပါးပွဲတော် ချိုးရေတော်သုံးခြင်း အခမ်းအနားကို ၀ါခေါင်လဆန်း ၁၁ ရက် (သြဂုတ် ၆ ရက်) နံနက်က စည်ကားသိုက်မြိုက်စွာ ကျင်းပစဉ်

“ချိုးရေတော်သုံးတဲ့နေ့ဆိုရင် ဒေသစုံက သက်ဆိုင်ရာလူတွေ မဖြစ်မနေလာရောက်ပြီး ကိုယ်ထိနန်းထိ လာရောက်ဆက်သ ပူဇော်ကြတဲ့အတွက် မစည်ကားတဲ့နှစ် မရှိခဲ့ပါဘူး။ စိတ်ထဲမှာဖြစ်ချင်တဲ့ဆန္ဒတစ်ခုခုကို ဒီနှစ်မှာ တိုင်တည် အဓိဋ္ဌာန်ပြုခဲ့လို့ ဖြစ်မြောက်အောင်မြင် ခဲ့တယ်ဆိုရင် နောက်နှစ်မှာလည်း အခုလိုရက်မှာ ကိုယ်ထိနန်းထိ လာရောက်ပြီး ဆက်သပူဇော်မှုတွေ လုပ်ကြရတာပဲ” ဟု တောင်ပြုန်းကျေးရွာမှ ဒေသခံတစ်ဦးက ဆိုသည်။

ရှေးယခင်က တောင်ပြုန်းမင်းနှစ်ပါး ချိုးရေတော်သုံးခြင်း အခမ်းအနားကို ဧရာဝတီမြစ်ဆိပ်တွင် ကျင်းပလေ့ရှိပြီး ယခုနောက်ပိုင်းနှစ်များ၌ ဧရာဝတီမြစ်ရေ မြင့်တက်ခြင်းမရှိသည်မှာ ကာလကြာမြင့်ပြီဖြစ်သောကြောင့် စံနန်းဆောင် အနီးတွင်သာ ချိုးရေတော်သုံးခြင်း ပြုလုပ်ခဲ့ရကြောင်း ဒေသခံများက ပြောကြားသည်။

တောင်ပြုန်းဆုတောင်းပြည့်၊ ဆုတောင်းရ ဘုရားပွဲတော်နှင့် မင်းနှစ်ပါးပွဲတော်ကို နှစ်စဉ် ဝါခေါင်လဆန်း ၁ဝ ရက် (ဩဂုတ် ၅) ရက်တွင် ညီလာခံသဘင်ကျင်းပခြင်း၊ လဆန်း ၁၁ ရက် (ဩဂုတ် ၆) ရက်တွင် ချိုးရေတော်သုံးပွဲတော်ကျင်းပခြင်း၊ လဆန်း ၁၄ ရက် (ဩဂုတ် ၉) ရက်တွင် ယုန်ထိုးပွဲတော်ကျင်းခြင်း၊ လပြည့်နေ့ (ဩဂုတ် ၁ဝ) ရက်တွင် ထိန်ပင်ခုတ်ပွဲတော်များကို ကျင်းပမည်ဖြစ်ကြောင်း၊ ဝါခေါင်လပြည့်နေ့တွင် တောင်ပြုန်းဆုတောင်းပြည့် ဆုတောင်းရ ဘုရားပွဲတော်အဖြစ် ဒေသအသီးသီးမှ ရောက်ရှိလာသည့် နတ်နန်းမိသားစုဝင်များနှင့် တောင်ပြုန်းဒေသခံများ အပါအဝင် အနီးဝန်းကျင်ရှိ ကျေးရွာများမှ သံဃာတော်များအား ဆွမ်းဆပ်ကပ်ခြင်းတို့ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Eleven Media Group

0 comments:

Post a Comment