Tuesday, February 4, 2014

ပုဒ်မ ၅၉(စ)ကို လူတစ်သိန်းကျော်မပြင်လိုမှု အလေးထားစရာမဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာပါ သမ္မတ အရည်အချင်းကန့်သတ် ချက်ဖြစ်သည့် ပုဒ်မ ၅၉(စ)ကိုမပြင်ရန် လူတစ်သိန်းကျော်က ဆန္ဒရှိနေသည်ဟူသည့်အချက်မှာ အလေး ထားစရာမဟုတ်ဟု အတိုက်အခံ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။

“ကျွန်မနားလည်သလောက်က တစ်ယောက်ချင်း ဘာမှ အသေးစိတ်မပါဘူး။ လက်မှတ်ပဲ ဆိုတော့ ကျွန် မအနေနဲ့ အလေးထားစရာမဟုတ်ဘူးလို့မြင်တယ်” ဟု ၎င်းက ပြော သည်။

ဇန်န၀ါရီ ၃၁ ရက်က ပြည်ထောင်စုလွှတ်တော်သို့ တင်ပြခဲ့သည့် ကော်မတီ၏ အစီရင်ခံစာတွင် ပုဒ်မ ၅၉ (စ)ကို မပြင်ရန် လူပေါင်း ၁၀၆,၁၀၂ ဦးက လက်မှတ်ရေးထိုး ထားသည်ဟူသည့်အချက်ကို ရည်ညွှန်း ကာ ဒေါ်အောင်ဆန်းစုကြည်က ပြောခြင်းဖြစ်သည်။ ယင်းပုဒ်မကို ပယ်ဖျက်လိုသူမှာ ၅၉၂ ဦးသာရှိသည် ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

“ဒီတစ်သိန်းကထားလိုက် ဘာမှရေရာတဲ့ဟာမဟုတ်ဘူး။ ကြည့်လိုက်လို့ရှိရင် ပြင်ချင်တဲ့ဘက်က များ တယ်ဆိုတာ သိပ်ရှင်းတာပဲ”ဟု ၎င်းက ဆိုသည်။

အဆိုပါပုဒ်မကို မပြင်လိုသည့် လူပေါင်းတစ်သိန်းကျော်စာရင်းကို ဖွဲ့စည်းပုံလေ့လာ သုံးသပ်ရေး ပူးပေါင်း ကော်မတီဝင်ဖြစ်သည့် တောင်ဥက္ကလာပမြို့နယ်မှ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ အမတ် ဦးအောင်သိန်းလင်းက ကော်မတီသို့ တင်ပြထားသည်ဟု ၎င်းကိုယ်တိုင် မဇ္ဈိမကို အတည်ပြုပြောဆိုထားသည်။

“ကျွန်တော်အကြံပြုချက်တွေ ရတယ်၊ ရတဲ့အကြံပြုချက်တွေကို ပူးပေါင်းကော်မတီကို ပေးထားတယ်။ ကျွန်တော်တို့သည် လွှတ်တော်ကိုယ်စားလှယ်ဖြစ်တဲ့အတွက် ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ပါမည် လို့ ကတိသစ္စာပြုထားတယ်။ ကတိသစ္စာပြုထားတဲ့အတိုင်း မင်းမှာသစ္စာ လူမှာကတိပေါ့ဗျာ”ဟု ၎င်းက ဆိုသည်။

သမ္မတအရည်အချင်းကန့်သတ်ချက် ပုဒ်မကို ပြင်ရန်မလိုဟု ယူဆသလားဆိုသည့် မဇ္ဈိမ၏ ထပ်ဆင့်မေး ခွန်းကို “ကတိသစ္စာကို အလွယ်တကူမပြုသလို၊ ဖျက်လို့လည်း ဘယ်ဖြစ်မလဲဗျ။ လွှတ်တော်ထဲမှာ ဖွဲ့ စည်းပုံအခြေခံဥပဒေနဲ့ပတ်သက်ပြီး ထိန်းသိမ်းကာကွယ် စောင့်ရှောက် ပါမယ်လို့ ကတိသစ္စာပြုထား တယ်၊ အဲဒီအတိုင်းပဲ”ဟုသာ ဦးအောင်သိန်းလင်းက ပြောသည်။

ဦးအောင်သိန်းလင်း တင်ပြခဲ့သည့် မပြင်ဆင်ရန်အချက်များမှာ သမ္မတအရည်အချင်း ကန့်သတ်ချက်အ ပြင် ဖွဲ့စည်းပုံပြင်ဆင်ခြင်း၊ တပ်မတော်၏ နိုင်ငံရေး ဦးဆောင် ပါဝင် ပတ်သက်ခွင့်နှင့် အခန်းကဏ္ဍ၊ ယခင် အစိုးရအဖွဲ့၏ မူဝါဒလမ်းညွှန်မှုများ၊ ဥပဒေ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ အမိန့်ပြန်တမ်းများ၊ ကြေညာ ချက်များ၊ အစိုးရအဖွဲ့ဝင် တစ်ဦးဦး၏ တာဝန်အရဆောင်ရွက်ချက်များအပေါ် တရားစွဲခြင်း၊ အရေးယူခြင်း မရှိစေရ ဟူသည်တို့ ပါဝင်သည်ဟု ဖွဲ့စည်းပုံလေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီဝင်အချို့က မဇ္ဈိမကို အတည်ပြုပြောဆိုထားသည်။

ကော်မတီ၏ အစီရင်ခံစာပါအချက်များကို ဆက်လက်ဆောင်ရွက်ရန် “ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင် နိုင်ရေး အကောင်အထည်ဖော်မှုကော်မတီ” တစ်ရပ်ကိုလည်း လွှတ်တော်အမတ် ၃၁ ဦးဖြင့် ဖေဖော်ဝါရီ ၂ ရက်က ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ဖြင့် ဖွဲ့စည်းထားပြီဖြစ်သည်။

အကောင်အထည်ဖော်မှုကော်မတီတွင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင်အမတ် ၁၄ ဦး၊ တပ်မတော်သားအမတ် ခုနစ်ဦးတို့ ပါဝင်ပြီး ကော်မတီ၏တာဝန်မှာ “ပြင်ဆင်သင့်သည့် အကြောင်းအရာများ၊ ပြင်ဆင်ခြင်းမပြုဘဲ ဆက်လက်ထားရှိသင့်သည့် အကြောင်းအရာများကို လေ့လာဖော်ထုတ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်းတစ်ရပ် ထွက်ပေါ်လာသည်အထိ တာဝန်ယူဆောင်ရွက်ရမည်”ဟု ဖော်ပြ ထားသည်။

Mizzima

0 comments:

Post a Comment