Tuesday, February 4, 2014

ကျောက်ဆည်ခရိုင်၊ ကံကောင်းခြင်းရတနာ စက်ရုံလုပ်သားများ သပိတ်စခန်းဖွင့်

မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင်၊ စဥ့်ကိုင်မြို့နယ်၊ ဘယ်လင်းကျေးရွာ ကံကောင်းခြင်းရတနာသစ်ချော ထည်စက်ရုံတွင် လုပ်ခလစာ အဆင်မပြေမှုများကြောင့် အလုပ်သမား ၅၀၀ ခန့်က ဖေဖော်ဝါရီ ၃ ရက် နံနက် ၆ နာရီမှစတင်ပြီး သပိတ်စခန်းဖွင့် ဆန္ဒဖော်ထုတ်ဖော်သည်ဟု မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂ အဖွဲ့ချုပ်မှ ကိုနေလင်းဦးက မဇ္ဈိမကို ပြောသည်။

ကံကောင်းခြင်းရတနာ သစ်ချောထည်တွင် အလုပ်သမားတချို့သည် အလုပ်လုပ်ချိန် တစ်နေ့လျှင် ၁၃ နာရီခန့် လုပ်ရပြီး ဇန်န၀ါရီလအတွက် လုပ်ခလစာ ကျပ် ၃၀,၀၀၀ သာထုတ်ပေး၍ အလုပ်ချိန်လျှော့ချ ရေး၊ လစာအပြည့်ဝရရှိရေးအပါအ၀င် အလုပ်သမားအခွင့်ရေးများကို တောင်းဆိုဆန္ဒပြသွားမည်ဟု ဆန္ဒ ပြရာတွင်ပါဝင်သူ အလုပ်သမားဦးဝင်းမြင့်က ပြောသည်။

ယင်းစက်ရုံတွင် လစာအနည်းဆုံးဝန်ထမ်းမှာ ကျပ် ၈၀,၀၀၀ ရရှိပြီး မည်သည့်အတွက်ကြောင့် အဆိုပါ လုပ်သားများအား ကျပ် ၃၀,၀၀၀ထုတ်ပေးသည်ကို မသိရှိသည့်အတွက် ဆန္ဒပြခြင်းဖြစ်သည်ဟု အလုပ် သမားများက ဆိုသည်။

“အလုပ်သမားတွေ တောင်းဆိုတဲ့အချက်တွေကို လက်မခံဘူးဆိုရင် သပိတ်စခန်းကို အကန့်အသတ်မရှိ ဖွင့်မှာပါ။ နောက်ပြီး အလုပ်လုပ်ချိန်ကိုလည်း တစ်နေ့ ရှစ်နာရီ သတ်မှတ်ပေးဖို့ တောင်းဆိုထားပါတယ်” ဟု အလုပ်သမားဦးဝင်းမြင့်က ဆိုသည်။

အလုပ်သမားများ၏ စုစုပေါင်းတောင်းဆိုချက် ၁၁ ချက်ကို မန္တလေးတိုင်း အလုပ်သမားအရေးကိစ္စညှိနှိုင်း ဖျန်ဖြေရေးအဖွဲ့နှင့် ဆွေးနွေးလျက်ရှိပြီး ညနေ ၄ နာရီအထိ အဖြေအတိအကျ မရရှိသေးကြောင်း ကိုနေ လင်းဦးက ဆိုသည်။

“ကျွန်တော်တို့ မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်အနေနဲ့ကတော့ အလုပ်သမားတွေကို ဥပဒေ ဘောင်ထဲကနေ ထိန်းမတ်ပေးတယ်။ ဆန္ဒပြ သပိတ်စခန်းဖွင့်တဲ့နေရာမှာ ၀န်းရံပေးပါတယ်”ဟု ၎င်းက ပြောသည်။

ကံကောင်းခြင်းလက်ဆောင် သစ်ချောထည်အလုပ်သမားများ ဆန္ဒဖော်ထုတ်မှုနှင့်စပ်လျဉ်း၍ အလုပ်သ မားညှိနှိုင်းဖြန်ဖြေရေးအဖွဲ့တို့ ညှိနှိုင်းဆောင်ရွက်နေဆဲဖြစ်သည့်အတွက် ညှိနှိုင်းမှုအဖြေကို ပြောပြ၍မရ ကြောင်း ကံကောင်းခြင်းရတနာ စီမံဋ္ဌာနမှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမ၏ တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်းမှုကို ဖြေကြားသည်။

Mizzima - News in Burmese

0 comments:

Post a Comment