Tuesday, February 4, 2014

ဖွဲ့စည်းပုံပြင်ဆင်မှု နှေးခြင်း၊ မြန်ခြင်း ငြိမ်းချမ်းရေးကို အကျိုးသက်ရောက်နိုင်ဟု SSPP/SSA ထောက်ပြ

အကောင်အထည်ဖော်နေသည့် ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းစဉ်များ အောင်မြင်ရန်သည်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို မည်မျှမြန်မြန်ပြင်ဆင်နိုင်သည့်အပေါ် မူတည်သည်ဟု ရှမ်းပြည်တိုးတက်ရေး ပါတီ/ရှမ်းပြည်မြောက်ပိုင်းတပ်မတော် အထွေထွေ အတွင်းရေးမှူး စ၀်ခွန်ဆိုင်က ပြောသည်။

“၂၀၀၈ ဖွဲ့စည်းပုံအောက်မှာဆိုရင် ငြိမ်းချမ်းရေးဟာ မရနိုင်ဘူး၊ ဒီမိုကရေစီလည်း မရနိုင်ဘူး၊ တန်းတူ ရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်လည်း မရနိုင်ဘူး၊ ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စုဆိုတာလည်း မရ နိုင်ဘူး၊ ၂၀၀၈ ပြင်တာမြန်လေ ငြိမ်းချမ်းရေးက မြန်သွားမယ်လို့ ပြောချင်တယ်”ဟု စ၀်ခွန်ဆိုင်က မဇ္ဈိမ ကို ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြင်ဆင်ရာတွင်လည်း အစိုးရလက်ခံနိုင်သည့် အနေ အထားမှ စ၍ တစ်ဆင့်ချင်း ပြင်ဆင်သွားနိုင်ရန် ကြိုးပမ်းခြင်းက လက်တွေ့ဆန်မည် ဟုလည်း သူက ဆိုသည်။

အခြေခံဥပဒေတွင် “အာဏာသည် ပြည်သူမှဆင်းသက်ရမည်”ဟု ရေးသား ပြဋ္ဌာန်းထားသော်လည်း “တပ်မတော်သည် မြန်မာပြည်နိုင်ငံရေး၏ အဓိကအခန်းကဏ္ဍမှ ပါဝင်ရမည်”ဟု ထပ်မံဖော်ပြထားမှု သည်လည်း ရှေ့နောက် မညီညွတ်သည့် ပြဋ္ဌာန်းချက်များဖြစ်သည်ဟု စ၀်ခွန်ဆိုင်က ဝေဖန်သည်။

SSPP/SSA ၏ အခြေစိုက် ဗဟိုဌာနချုပ်စခန်းဖြစ်သော ၀မ်ဟိုင်းဌာနချုပ်သည် ရှမ်းပြည်နယ်အလယ်ပိုင်း မိုင်းရှူး၊ မိုင်းရယ်နှင့် ကျေးသီးမြို့နယ်အကြား၌ တည်ရှိသည်။ ၂၀၁၁ ခုနှစ် ဇန်န၀ါရီ၂၈ ရက် နောက်ပိုင်း အစိုးရနှင့် အပစ်ရပ်လက်မှတ်ရေးထိုးပြီးနောက်ပိုင်း ၂၀၁၄ နှစ်ဆန်းအထိ တိုက်ပွဲပေါင်း ၁၀၀ ကျော် ဖြစ် ပွားခဲ့ပြီးဖြစ်သည်ဟု SSPP/SSA မှတ်တမ်းများတွင် ဖော်ပြထားသည်။

Mizzima - News in Burmese

0 comments:

Post a Comment