Tuesday, January 21, 2014

နိုင်ငံရေးတွင် အကြမ်းဖက်ဖြေရှင်းသည့် ပဋိပက္ခ သမိုင်းဆိုး ပြန်အသက် မသွင်းရန် KNU ဥက္ကဋ္ဌ သတိပေး

တိုင်းရင်းသား အခွင့်အရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များအတွက် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အကြား သဘောတူညီရေး နိုင်ငံရေး ဒီရေ မြင့်တက်နေချိန်တွင် ပြဿနာ များကို အကြမ်းဖက် ဖြေရှင်းသည့် ပဋိပက္ခ သမိုင်းဆိုးကို ပြန်လည် အသက် မသွင်းကြရန် လိုအပ်ကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU) ဥက္ကဋ္ဌ စောမူတူးစေးဖိုး က သတိပေး ပြောကြားလိုက်သည်။

ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် အတွင်းရှိ KNU ဌာနချုပ် တည်ရှိရာ လေးဝါးစခန်းတွင် ဇန်နဝါရီလ ၂၀ ရက်နေ့က ပြုလုပ်သည့် ဒုတိယအကြိမ် တိုင်းရင်းသား လက်နက်ကိုင် ထိပ်သီး ညီလာခံတွင် မိန့်ခွန်း ပြောကြားရာ၌ ၎င်းက ယင်းသို့ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“နိုင်ငံရေး ဒီရေအတက်မှာ အားသွန် ခွန်စိုက် တိုင်းရင်းသားအားလုံးရဲ့ ဘုံအကျိုးစီးပွား တိုးပွား ဖို့ အခွင့်အရေးကို အမိအရ ဆုပ်ကိုင် ရယူကြပါ” ဟု စောမူတူးဆေးဖိုးက တိုက်တွန်း ပြော ဆိုသည်။

လော်ခီးလာ (စခန်းသာ) ညီလာခံတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အသီးသီး၏ အပစ် အခတ် ရပ် စဲရေး ဆိုင်ရာ လုပ်နည်း လုပ်ဟန်များကို အဓိကပြန်လည် ညှိနှိုင်းရန် ဖြစ်ပြီး မူအရ တူညီကြသော်လည်း လုပ်နည်းလုပ်ဟန်အရ သဘောတူမှသာ ဘုံသဘောတူညီချက်တွင် လက်မှတ် ရေးထိုးမည်ဖြစ်ကြောင်း ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) မှ ဦးစိုင်းလ က ပြောကြားသည်။

ပထမအကြိမ် လိုင်ဇာညီလာခံတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ သဘောထား အများစုကို ရယူနိုင်ခဲ့ပြီး အစိုးရနှင့် ထပ်မံညှိနှိုင်းရန်သာ ဖြစ်ကြောင်း၊ နှစ်ဖက်ပိုမို နီးကပ်သည့် ဆွေးနွေး ညှိနှိုင်းမှု ဖြစ်ပေါ်ရန် ကြိုးပမ်းမည် ဖြစ်ကြောင်း တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) မှ ဦးခွန်ဥက္ကာက ပြောဆိုသည်။

“ခုက နိုင်ငံရေးပိုင်းမှာ အဓိက ဆွေးနွေးဖို့ ကျန်တယ်။ တပ်ပိုင်းဆိုင်ရာ တွေတော့ တိုင်းရင်း သား အဖွဲ့ အချင်းချင်းကြားမှာ အများစု သဘောတူညီမှု ရထားပါတယ်” ဟု ၎င်းက ပြော ဆိုသည်။

NCCT က ပြုစုထားသည့် အပစ်အခတ်ရပ်စဲရေး မူကြမ်းကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးပြီး အားလုံး ပါဝင်သည့် သမိုင်းဝင် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးကို နောက်ကြောင်း ပြန် မလှည့် စတမ်း ဆွေးနွေး ညှိနှိုင်းပြီး ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန် စောမူတူးစေးဖိုးက ထပ်လောင်း တိုက်တွန်းသည်။

လော်ခီးလာ (စခန်းသာ) ညီလာခံသို့ အိမ်ရှင် KNU အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၈ ဖွဲ့ တက်ရောက်လျက်ရှိပြီး လိုင်ဇာညီလာခံတွင် ပါဝင်ခြင်း မရှိသည့် မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) အဖွဲ့က လေ့လာသူအဖြစ် တက်ရောက် ခဲ့သည်။

The Voice Weekly

0 comments:

Post a Comment