Tuesday, January 21, 2014

မြန်မာ့အားကစားအဆောက်အအုံများ ကမ္ဘာ့အဆင့်ရှိဟု အာဆီယံမသန်စွမ်းဥက္ကဋ္ဌ ချီးကျူး

ဇန်န၀ါရီ ၁၄ မှ ၂၀ အထိ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် (၇) ကြိမ်မြောက် အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲများ လက်ခံကျင်းပခဲ့သည့် အားကစားကွင်း အဆောက် အအုံများမှာ ကမ္ဘာ့အဆင့်ရှိကြောင်း အာဆီယံမသန်စွမ်းအားကစားအဖွဲ့ချုပ် (APSF) ၏ဥက္ကဋ္ဌ မစ္စတာ ဒါတိုဇိုင်နယ်အဘူ ဇာရင် ချီးကျူးလိုက်သည်။

(၇) ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲတွင် ထည့်သွင်းကျင်းပသည့် ကစား နည်း ၁၂ မျိုးလုံးအား ၀ဏ္ဏသိဒိ္ဓအားကစားဝင်းထဲရှိ အားကစားရုံများတွင်သာ လက်ခံကျင်းပ ခဲ့ခြင်းဖြစ်ပြီး ဇေယျာ သီရိရှိ အားကစားရုံများကိုပင် အသုံးပြုခဲ့ခြင်း မရှိရာ ယင်းနှင့်ပက် သက်ပြီး အာဆီယံ မသန်စွမ်းဥက္ကဋ္ဌက ချီးကျူးလိုက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံရှိ အားကစား အဆောက်အအုံများနှင့်ပက်သက်၍ အာဆီယံ မသန်စွမ်းဥက္ကဋ္ဌ မစ္စတာဒါတို ဇိုင်နယ်အဘူဇာရင်က “မြန်မာနိုင်ငံက လက်ခံကျင်းပခဲ့တဲ့ ကစားကွင်းတွေ အကုန်လုံးက ကမ္ဘာ့အဆင့် မီတွေပါ။ အခုဆိုရင် ဆီးဂိမ်းပြိုင်ပွဲရော အာဆီယံမသန်စွမ်းပြိုင်ပွဲပါ လက်ခံကျင်းပ ပြီးပါပြီ။ ဒါပေမဲ့ ဒီကွင်း ရုံတွေကို ဆက်လက်အသုံးချစေချင်ပါတယ်။ အာဆီယံဒေသတွင်း အားကစားပြိုင်ပွဲတွေကို ဆက်ပြီး လက်ခံကျင်းပပေးမယ်ဆိုရင် ဒေသတွင်း နိုင်ငံတွေကြားမှာ ချစ်ကြည်ရင်းနှီးမှုတွေ အခုထက် ပိုရလာနိုင် ပါတယ်။ လက်ရှိ အားကစားအဆောက်အအုံ အမွေအနှစ်တွေကို ဆက်လက်ထိန်းသိမ်းပြီး စင်ကာပူ ဆီး ဂိမ်းနဲ့ (၈) ကြိမ်မြောက် အာဆီယံမသန် စွမ်းပြိုင်ပွဲအတွက် အခုကတည်းက ပြင်ဆင်စေချင်ပါတယ်” ဟု ပြောသည်။

ထို့အပြင် (၈) ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲကို အိမ်ရှင်အဖြစ်လက်ခံကျင်းပရမည့် စင်ကာပူမသန်စွမ်း အားကစားကော်မတီ ဥက္ကဋ္ဌကလည်း မြန်မာနိုင်ငံ၏ ပြိုင်ပွဲလက်ခံကျင်းပပုံကို ကြည့် ရှုပြီးနောက် မိမိတို့ပင် မြန်မာကဲ့သို့ မကျင်းပနိုင်မည်ကို စိုးရိမ်မိသည်အထိဖြစ်ရကြောင်း နှင့် ကစား သမားများကို ထားရှိသည့် အားကစားရွာမှာလည်း အဆင်ပြေ ကောင်းမွန်ကြောင်း ဆိုသည်။

စင်ကာပူမသန်စွမ်း အားကစားကော်မတီဥက္ကဋ္ဌ မစ္စတာမိုဟန်မီနွန်က “မြန်မာတွေရဲ့ပြိုင်ပွဲကို လက်ခံ ကျင်းပပုံက တော်တော် အဆင့်အတန်းမြင့်ပါတယ်။ စင်ကာပူတောင် မြန်မာလိုပြိုင်ပွဲ လုပ်နိုင်ပါ့မလား ဆိုတာကိုတောင် သံသယ ဖြစ်မိပါတယ်။ ကစားသမားတွေကိုထားတဲ့ အားကစားရွာဆိုရင်လည်း အကျွေးအမွေးနဲ့ နေရာထိုင်ခင်းအပြင် ၀ှီးချဲနဲ့သွားရတဲ့ ကစားသမားတွေအတွက်ကိုပါ အဆင်ပြေပြေ သွားနိုင်အောင် စီမံပေးထားတာ တကယ့်ကို စိတ်ကျေနပ်စရာပါ။ မြန်မာတွေရဲ့ ဧည့်ဝတ်ကျေပွန်မှုကို လည်း အသိအမှတ်ပြုစရာပါပဲ”ဟု မှတ်ချက်ပေးသည်။

(၈) ကြိမ်မြောက် အာဆီယံမသန်စွမ်းပြိုင်ပွဲကို အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် စင်ကာပူနိုင်ငံမှာ ပြိုင်ပွဲ အမျိုးအစား မည်မျှထည့်သွင်းရမည်ကို မဆုံးဖြတ်ရသေးကြောင်း နှင့် စင်ကာပူနိုင်ငံ၏ ပြိုင်ပွဲ လက်ခံ ကျင်းပ နိုင်မည့်အခြေအနေပေါ် မူတည်ကြောင်းလည်း ၎င်းက တစ်ဆက်တည်း ဆိုသည်။

အာဆီယံမသန်စွမ်းပြိုင်ပွဲတွင် အင်ဒိုနီးရှားက ရွှေတံဆိပ်အများဆုံးရပြီး နိုင်ငံအလိုက်ဗိုလ်စွဲခဲ့သည်။

Mizzima - News in Burmese

0 comments:

Post a Comment