Tuesday, January 7, 2014

ပထမဦးဆုံး မော်တော်ဆိုင်ကယ် တီထွင်ခဲ့သူ

ကမ္ဘာ့ပထမဦးဆုံး စက်တပ်ယာဉ်ငယ်များကို တီထွင်ခဲ့သူ အမေရိကန်နိုင်ငံ သား ဆီဗက်စတာ ကို ၁၈၂၃ ခုနှစ် နိုဝင်ဘာလ ၂၄ ရက်နေ့မှာ မွေးဖွားခဲ့ ပါတယ်။ သူတီထွင်ခဲ့တဲ့ အရာတွေကိုတော့ ခေတ်ဦး မော်တော် ဆိုင်ကယ် များလို့ ဆိုရမှာပါဘဲ။
ဆီဗက်စတာဟာ တီထွင်မှုနဲ့ ပတ်သက်ပြီး အင်မတန် ပါရမီထူးကဲတဲ့ သူဖြစ်ပါတယ်။ အသက် ၁၂ နှစ် အရွယ်ကတည်းက ရေနွေးငွေ့သုံး အင်ဂျင် ကိရိယာများကို စမ်းသပ် တီထွင်နိုင်ခဲ့သူဖြစ်ပါတယ်။ စာအုပ်တွေဖတ်ပြီး သူ့ရဲ့ ဓါတ်ခွဲစမ်းသပ်ခန်းလေးထဲမှာ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ဒီ ကိရိယာများကို သူ အပြင်မှာ တစ်ခါမှ မမြင်ဖူးခဲ့ပါဘူး။

အသက် ၁၄ နှစ်အရွယ်မှာ သွားလာနိုင်တဲ့ အင်ဂျင်များကို တီထွင်တတ်နေ ပါပြီ။ နောက်ပိုင်း သူ့ရပ်ရွာကို စွန့်ခွာပြီး စက်ပြင်ဆရာအလုပ်နဲ့ အသက်မွေး ၀မ်းကြောင်းပြုပါတယ်။ ၁၈၄၅ ခုနှစ်မှာ အိမ်ထောင်ကျ ပါတယ်။ ၁၈၅၄ ခုနှစ်မှာတော့ ဘောစတွန်မြို့ကို ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။

၁၈၆၃ ခုနှစ်မှာ ရေနွေးငွေ့သုံး ရထားလုံးကို စတင်တီထွင်နိုင်ခဲ့ပြီး ၁၈၆၇ မှ ၁၈၆၉ ခုနှစ်အကြား မှာတော့ ရေနွေးငွေ့သုံး တွန်းလှည်း၊ စက်တပ်ဘီး (စက်ဘီးကို စက်တပ်ထားခြင်း) စတဲ့ အရာတွေကို ဆက်လက် တီထွင် လာနိုင်ခဲ့ပါတယ်။

၁၈၉၆ ခုနှစ် ဇွန်လ ၁ ရက်နေ့မှာတော့ ဆီဗက်စတာဟာ သူတီထွင်ထားတဲ့ စက်တပ်ယာဉ်ငယ်ကို မောင်းနှင်ပြီး တစ်နာရီ မိုင် ၄၀ နှုန်းအထိ အရှိန်မြှင့် မောင်းနှင်ကြည့်ရာက မတော်တဆဖြစ်ပြီး လမ်းပေါ်သို့ လဲကျကာ ဦးခေါင်းကို ထိခိုက်သွားပါတယ်။ ထိုနေရာမှာတင် ကွယ်လွန်သွားခဲ့ရှာပါတယ်။

သူတီထွင်ခဲ့တဲ့ စက်တပ်ယာဉ်ငယ်များဟာ နောင်တစ်ချိန်မှာ ပြောင်းလဲ တီထွင် ဆန်းသစ်ရင်း ယနေ့ မော်တော်ဆိုင်ကယ်လို့ခေါ်တဲ့ လူသားတွေ အတွက် အကျိုးပြုတဲ့ ယာဉ်တစ်ခု ဖြစ်လာပါတော့တယ်။

Myawady News

0 comments:

Post a Comment